“မီဒီယာ ကျန်းမာရေးကောင်းမှ တိုင်းပြည် ကျန်းမာရေးကောင်းမယ်”
ယခင်တပတ်က ပြည်သူလွှတ်တော် အမတ် ဦးသိန်းညွန့်၏ မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်သည့် အဆိုကို ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက ဆဒ္ဒန်ဆင်မင်းဇာတ် ဥပမာပေး၍ ဖြေကြားခဲ့သည်။ အဆိုပါ ကိစ္စရပ်နှင့် ဆက်နွှယ်၍ ပြည်တွင်းမီဒီယာ အခင်းအကျင်း၊ ပြည်ပမီဒီယာများ၏ အခန်းကဏ္ဍ၊ ပြည်တွင်းပြည်ပ မီဒီယာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်ပ မီဒီယာ များအနေဖြင့် ပြည်တွင်းတွင် ပြန်လည် အခြေစိုက်ရန် ရှိ၊ မရှိ စသည်တို့ကို ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်အား မေးမြန်းထားပါသည်။ဧရာဝတီ မဂ္ဂဇင်းသည် ပြည်ပအခြေစိုက် မဂ္ဂဇင်း တစောင်ဖြစ်ပြီး မြန်မာပြည်နှင့် ပတ်သက်သည့် ပြည်သူလူထု သိသင့်သော၊ သိချင်သော သတင်းများကို နှစ်ပေါင်း ၂၀ နီးပါး ဖော်ထုတ် ရေးသားနေသည့် မဂ္ဂဇင်းဖြစ်သည်။ ယခုအခါ ဧရာဝတီ မြန်မာပိုင်း ဝက်ဘ်ဆိုက် နှင့် ဘလော့ဂ်အား ကမ္ဘာ အရပ်ရပ်မှ ကြည့်ရှုသူ ဦးရေများစွာ တိုးတက်လျှက်ရှိသည်။ ကိုအောင်ဇော်သည် ဧရာဝတီ မဂ္ဂဇင်းကို ထူထောင်ခဲ့သူဖြစ်ပြီး သတင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက် ခဲ့မှုကြောင့် ၂၀၁၀ ပြည့်နှစ်အတွက် Prince Claus Award ဆု ချီးမြှင့်ခြင်း ခံရသည်။ ဤဆုကို နယ်သာလန်အခြေစိုက် Prince Claus Fund က ၁၉၉၇ ခုနှစ်မှ စတင်၍ အာဖရိက၊ လက်တင်အမေရိက၊ အာရှနှင့် ကာရစ်ဘီယံ ဒေသရှိ အနုပညာရှင်များ၊ အသိပညာရှင်များနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများကို နှစ်စဉ်ချီးမြှင့်သည်။
မေး။ ။ အရင်တပတ်က လွှတ်တော်ထဲမှာ ဝန်ကြီး ဦးကျော်ဆန်းက ဆဒ္ဒန်ဆင်မင်းဇာတ်ကို အချိန်အကြာကြီးပြောပြီး မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ အဆိုကို ဖြေသွားတဲ့အပေါ် ဘယ်လို ထင်ပါသလဲ။
ဖြေ။ ။ တကယ်ဆိုရင်တော့ ဆဒ္ဒန်ဆင်မင်းဇာတ် ပြောနေမယ့်အစား မင်းတုန်းမင်း အကြောင်းပြောသင့်တာ။ ၁၈၇၅ ခုနှစ်မှာ မင်းတုန်းမင်းက ရတနာပုံနေပြည်တော် သတင်းစာ ထုတ်ဝေခွင့်ပေးခဲ့တယ်။ ထုတ်ဝေတဲ့ အခါမှာလည်း သူက မြန်မာပြည်မှာ ပထမဆုံး အစောဆုံးလို့ပြောလို့ရတဲ့ သတင်းစာလွတ်လပ်ခွင့် ဥပဒေ ထုတ်ပေးခဲ့တယ်။ အချက် ၁၇ ခုပါတယ်။ တခုကတော့ အားလုံးက အခုထက်ထိ မှတ်မှတ်ထင်ထင် ပြောနေတာရှိတယ်။ ဒါ သက်ဦးဆံပိုင် ဧကရာဇ် တပါးက ထုတ်ပေးခဲ့တာနော်။ တခုက ငါမကောင်းရင် ငါ့အကြောင်းရေး၊ ငါ့မိဘုရားတွေ မကောင်းရင်၊ ငါ့သားတော် သမီးတော်တွေ မကောင်းရင်လည်း ဝေဖန်ရေးသားလို့ ရတယ်၊ နန်းတော်ထဲကို သတင်းစာသမားတွေ တံခါးမရှိ၊ ဓားမရှိ ဝင်စေထွက်စေလို့ မင်းတုန်းမင်းကြီးက ပြောခဲ့တယ်။ ဒါ ၁၉ ရာစုမှာ အတော်ခေတ်မီတဲ့၊ သတင်းစာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အလွန်အမြော်အမြင်ကြီးတဲ့ ဥပဒေလို့ ပြောလို့ရတယ်။
ဒီတော့ ဆဒ္ဒန်ဆင်မင်း ကိစ္စကိုပြောပြီး သတင်းစာလွတ်လပ်ခွင့်ကို ပြောနေမယ့်အစား မင်းတုန်းမင်းကြီးအကြောင်းကို လွှတ်တော်မှာ ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုဆွေးနွေးပြီးတော့ သတင်းစာ လွတ်လပ်ခွင့် ချပေးသင့်တယ်လို့ ကျနော် အကြံပြုချင်တယ်။
မေး။ ။ ပြည်တွင်းက မီဒီယာ အခင်းအကျင်း၊ အခန်းကဏ္ဍ ဘယ်လို ဖြစ်သင့်တယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ အကြောက်တရားနဲ့ မီဒီယာသမား၊ စာနယ်ဇင်းသမားတွေကို မချုပ်ကိုင်ပါနဲ့လို့ ပြောချင်တယ်။ ဆင်ဆာဘုတ်ဆိုတာ မြန်မာပြည်မှာ မရှိသင့်တော့ဘူးလို့ ထင်တယ်။ ၁၉၅၀၊ ၆၀ ကာလတွေမှာ မြန်မာပြည်ဟာ သတင်းစာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အရှေ့တောင်အာရှမှာ ချုပ်ထိန်းမှု အနည်းဆုံးလို့ ဂုဏ်ယူပြီး ပြောလို့ရပါတယ်။ အဲဒီအချက် တွေထဲမှာ ဆိုရင်လည်း ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေရဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာ သတင်းစာ ဆရာကြီးတွေဟာ ရှေ့ဆုံးက ခုံတွေမှာ ခြေချိတ်ထိုင်ပြီး တကယ့်ကို ဝေဖန်ထောက်ပြတဲ့၊ Accountable ဖြစ်ဖြစ်နဲ့ Check and Balance ဖြစ်တဲ့ မေးခွန်းတွေ မေးခွင့်ရှိတယ်။ ရေးခွင့်လည်း ရှိတယ်။ ခေါင်းကြီးတွေ ရေးခွင့်ရှိတယ်။ ဒါပေမယ့် ဦးနေဝင်း လက်ထက်က စပြီး ဒါတွေဟာ မရှိတော့ဘူး။ စစ်အစိုးရလက်ထက်မှာ ဒါတွေဟာ ပိုဆိုးခဲ့တယ်။ ပိုဆိုးတဲ့အပြင် သတင်းထောက်တွေ၊ စာရေးဆရာတွေ၊ အမှန်တရားကို ဖော်ထုတ် ရေးသားတဲ့ သူတွေ၊ ဘလော့ဂါတွေ၊ VJ တွေ သူတို့တွေ အကုန်လုံးကို ထောင်သွင်း အကျဉ်း ချခဲ့တယ်။ အခုထိ ထောင်ထဲမှာ နေနေရတဲ့သူတွေ ရှိသေးတယ်။ သူတို့ကို လွှတ်ပေးဖို့ လိုသလို၊ မြန်မာပြည်မှာလည်း သတင်းစာလွတ်လပ်ခွင့်ကို အပြည့်အဝ ပေးဖို့ လိုအပ်တယ်လို့ ထင်တယ်။
ဒါပေမယ့် ပြည်တွင်းက အခင်းအကျင်းကို ပြောပါဆိုရင် သမ္မတကိုယ်တိုင်က သူ့ရဲ့ မိန့်ခွန်းထဲမှာ စတုတ္ထမဏ္ဍိုင် အရေးပါမှုကို အသိအမှတ်ပြု ပြောခဲ့ပြီဖြစ်ပါတယ်။ တိုင်းပြည်မှာ ဒီမိုကရေစီ ဖော်ဆောင်မယ်ဆိုရင် သတင်းစာ လွတ်လပ်ခွင့်ရှိဖို့လိုတယ်။ ဒါကြောင့် စတုတ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍ၊ စတုတ္ထမဏ္ဍိုင်ရဲ့ ကျန်းမာရေး ကောင်းဖို့လိုတယ်လို့ ကျနော်မြင်တယ်။ တိုင်းပြည်ရဲ့ နား၊ မျက်စိဟာ မီဒီယာဖြစ်ပါတယ်။ ဒါကြောင့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ကိစ္စတွေကို အမှန်အတိုင်းသုံးသပ် တင်ပြဖို့က ကျနော်တို့ရဲ့ တာဝန်ပါ၊ ကျနော်တို့ရဲ့ တာဝန်ကို ကျနော်ကို လွတ်လွတ်လပ်လပ် လုပ်ပါရစေ၊ အထဲကလူတွေကို လုပ်ခွင့် ပေးပါလို့ ကျနော်တော့ တောင်းဆိုချင်တယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ တောင်းယူရတာမျိုးမဟုတ်ဘူး၊ တိုက်ယူရတာ လို့ ကျနော်မြင်တယ်။
နောက်ပြီး ကျနော်ပြောချင်တာက မြန်မာပြည်ကို သွားပြီး မြန်မာပြည်ထဲကလူတွေကို ကူညီမယ်ဆိုတဲ့သူတွေကလည်း မြန်မာလူမျိုး မီဒီယာသမားတွေ ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ်၊ ဘာတွေလုပ်နေတယ် ဆိုတာ သိဖို့လိုတယ်။ အဲဒီလိုမှမဟုတ်ဘဲ သူတို့ကို သွားပြီး Preach လုပ်တာမျိုး၊ Lecture ရိုက်တာမျိုး မလုပ်သင့်ဘူး။ ပြည်တွင်းက မီဒီယာ သမားတွေမှာလည်း Vision ရှိတယ်ဆိုတာ သိသင့်တယ်။
မေး။ ။ ပြည်တွင်းမီဒီယာတွေနဲ့ ပြည်ပမီဒီယာတွေ ပူးပေါင်းလုပ်ဆောင်မယ် ဆိုရင် ဘာတွေ ပူးပေါင်းလုပ်ဆောင်နိုင်မလဲ။
ဖြေ။ ။ ကျနော်ထင်တယ်၊ ပြည်တွင်းနဲ့ ပြည်ပ မီဒီယာတွေဟာ အလုပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ အများကြီး ရှိနေတယ်။ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇ မှာဆိုရင် ပိုပြီး အားကောင်းလာတယ်။ တဘက်တချက် မှာရှိနေတဲ့ ကွက်လပ်တွေ၊ ကွာဟချက်တွေ ပိုပြီး ကျဉ်းသွားတယ်။ မယုံကြည်မှုတွေ ပိုလျော့လာတယ်၊ ယုံကြည်မှုတွေ နားလည်မှုတွေ ပိုတိုးလာတယ်။ အပြင်ကလူတွေရဲ့ အခန်းကဏ္ဍတွေကို အထဲကလူတွေက ပိုပြီး နားလည်လာသလို၊ အထဲကလူတွေရဲ့ အခန်းကဏ္ဍတွေကို အပြင်ကလူတွေက၊ ကျနော်တို့က အများကြီး နားလည်လာတယ်။ ၂ ခုပေါင်းမှ တခုဖြစ်တယ်လို့ ကျနော်မြင်တယ်။ အထဲက မရေးနိုင်တာ တွေကို ကျနော်တို့ အပြင်က ရေးရတယ်၊ အထဲက ဖုံးတာတွေကို အပြင်က ဖော်ထုတ်ရတာဖြစ်တယ်။ ဒါကြောင့် အထဲနဲ့ အပြင်မှာ ရှိနေတဲ့ မီဒီယာသမား အချင်းချင်းတွေ စိတ်တူကိုယ်တူ ပူးပေါင်းတာတွေ ရှိလာတာ တွေ့ရတယ်။
တချိန်တည်းမှာပဲ အစိုးရက ဖန်တီးထားတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ အစိုးရရဲ့ အာဘော်တွေကို ပြောဆို ရေးသား ပေးနေရတဲ့ သူတွေ၊ ဝါဒဖြန့်စာသားတွေ အတိုင်း လိုက်ရေးနေရတဲ့ သူတွေလည်း အများကြီးရှိတာကို ကျနော်တို့တွေ့ရတယ်။ အဲဒီလို လူတွေအစား အမှန်တရားကို လေးစားတဲ့သူတွေ၊ လွတ်လပ်တဲ့ မီဒီယာကို ယုံကြည်တဲ့ သူတွေလည်း အထဲမှာ အများကြီး ရှိတယ်လို့ ကျနော်တော့ မြင်တယ်။ သူတို့တွေကို အထဲကကော အပြင်ကပါ အကူအညီတွေ အများကြီး ပေးဖို့ လိုတယ်။ တကယ်တော့ ပြည်တွင်းမီဒီယာ အခင်းအကျင်းက မဆိုးပါဘူး၊ အားရစရာ ကောင်းပါတယ်။ ဒါပေမယ့် စိတ်ပျက် စရာ ကောင်းတာက ဘာလဲဆိုတော့ အစိုးရဘက်က ကိုင်တွယ်ထိန်းချုပ်နေတာ၊ ဆင်ဆာဘုတ်တွေ ထားနေတာ အားရစရာ မရှိဘူးလို့ ကျနော်တော့ မြင်တယ်။
တခုထူးခြားတာက ကျနော်တို့ ဝက်ဘ်ဆိုက်ဆိုရင် လွန်ခဲ့တဲ့ တပတ်ကျော်လောက်ကစပြီး ပြည်တွင်းမှာ ကျော်စရာ ခွစရာမလိုဘဲ ဝင်လို့ရတယ်လို့ ကြားရတယ်။ ဒါဟာ Official Policy ဆိုရင် ကျနော်တို့ ကြိုဆိုတယ်။ ဒါမှမဟုတ်ဘဲ ခေတ္တခဏ ဖွင့်ပေးတာလား ဆိုတာ သိချင်တယ်။ ကျနော်ကတော့ ပြည်တွင်းမှာ ကျနော်တို့ ဝက်ဘ်ဆိုက်တွေကို Ban မလုပ်ဖို့ တောင်းဆိုချင်တယ်။
မေး။ ။ အခုဆိုရင် ပြည်တွင်းမှာရှိတဲ့ ပုံနှိပ်ထုတ်ဝေတဲ့ မီဒီယာကို စာပေစိစစ်ရေးက ထိန်းချုပ်နေပေမယ့် တချို့ အပိုင်းတွေမှာ နည်းနည်း လွတ်လပ်မှုပေးလာတာ တွေ့ရတယ်။ ဥပမာ - တချို့ မီဒီယာတွေရဲ့ အွန်လိုင်း စာမျက်နှာ တွေဆို အချိန်နဲ့ တပြေးညီ သတင်းဖော်ပြနေတယ်။ အသံလွှင့်မီဒီယာတွေ၊ ရုပ်သံလိုင်းတွေလည်း တိုးချထားပေးနေတယ် ဆိုတော့ ပြည်ပ မီဒီယာဆိုတာ ရှိဖို့ လိုပါဦးမလား။
ဖြေ။ ။ ပြည်ပမီဒီယာရဲ့ အခန်းကဏ္ဍက အများကြီးရှိတယ်လို့ ကျနော်တော့ ထင်တယ်။ တခြား မီဒီယာတွေ ခဏထားပြီး RFA၊ BBC၊ VOA စတဲ့ ရေဒီယိုတွေရဲ့ မြန်မာပိုင်း အစီအစဉ်တွေက ပြည်တွင်းမှာ တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသားတွေ၊ အတိုက်အခံတွေ၊ သာမန်ပြည်သူတွေ အကုန်နားထောင်နေရဆဲ ဖြစ်တယ်။ ဒါ့အပြင် ဒီနေ့ DVB လို ရုပ်သံကို ဆိုရင်လည်း အထဲက ကြည့်နေရတုန်း ဖြစ်တယ်။ ဧရာဝတီ အပါအဝင် ပြည်ပ မီဒီယာတွေရဲ့ မြန်မာပိုင်း ဝက်ဘ်ဆိုက်တွေ၊ ဘလော့ဂ်တွေ ဆိုရင်လည်း အထဲက ကြည့်နေရဆဲ ဖြစ်တယ်။ ဒါဟာ ဘာကိုပြသလဲဆိုရင် အထဲမှာ ကြီးမားကျယ်ပြန့်နေတဲ့ အနေအထားရှိတယ် ဆိုတာကို တွေ့ရတယ်။
လွတ်လပ်တဲ့ အတွေးအခေါ်ရှိတဲ့သူတွေ၊ တကယ့်တကယ် အလုပ်လုပ် နေတဲ့သူတွေ၊ နိုင်ငံတကာအဖွဲ့အစည်း တွေဟာ ဆိုရင် အထဲမှာ စစ်မှန်တဲ့ တကယ့်တကယ် သတင်းစာ လွတ်လပ်ခွင့် တခုရဖို့ ဦးတည်ပြီး ဖော်ဆောင်နေတဲ့ ပြည်တွင်း ပြည်ပကလူတွေကို မီဒီယာဖွံ့ဖြိုးတိုးတက်ဖို့ သင်တန်းတွေက စလို့ အများကြီး အကူအညီပေးဖို့ လိုတယ်လို့ထင်တယ်။ အဲဒီလိုလုပ်တာဟာလည်း ဂုဏ်ယူစရာကောင်းတဲ့ အချက်တချက်ပဲလို့ ကျနော်မြင်တယ်။
ဝါဒဖြန့်တာတွေ၊ အစိုးရရဲ့ အာဘော်ကိုပဲ ဖော်ထုတ် ရေးသားနေတဲ့သူတွေ၊ မြန်မာပြည်ရဲ့ အခြေအနေကို ဖုံးကွယ်ပြီး ရေးနေတဲ့ သူတွေကို ကူညီနေမယ့်အစား၊ အစိုးရက ဖန်တီထားတဲ့ စီးပွားရေးသမားတွေရဲ့ မီဒီယာတွေကို ကူညီနေမယ့်အစား ဒီဘက်က ခုနကပြောတဲ့သူ တွေကို ကူညီသင့်တယ်လို့ ကျနော်ထင်တယ်။ အဲဒီလိုကူညီမယ်ဆိုရင် သူတို့ နောင်တ ရလိမ့်မယ်လို့ ကျနော်မထင်ဘူး။ ဒီနေရာမှာ ကျနော် ပြောချင်တာက နိုင်ငံတကာကလည်း အစိုးရရဲ့ Organ တွေ၊ အစိုးရရဲ့ Mouthpiece တွေနဲ့ မိတ်ဆွေဖွဲ့မှာလား၊ တကယ့် သတင်းလွတ်လပ်ခွင့်အတွက် တိုက်နေတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့မှာလား ဆိုတာကတော့ သူတို့ရဲ့ ရွေးချယ်မှုပဲ။
နောက်တခုက ပြည်တွင်းမှာဆိုရင် ဧရာဝတီ မြစ်ဆုံဆည်ကိစ္စက အစ၊ တိုင်းရင်းသားအရေး ကိစ္စကအစ၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့ကိစ္စတွေ၊ ကလေးစစ်သားကိစ္စတွေ၊ စီးပွားရး လုပ်ငန်းရှင်ကြီးတွေ၊ စစ်ဗိုလ်ချုပ်တွေရဲ့ အတွင်းရေးကိစ္စတွေ ကအစ ရေးလို့မရတာ ရှိတယ်။ နောက်ပြီးတော့ မြန်မာပြည်ရဲ့ သတင်းစာ လွတ်လပ်ခွင့်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကလေး ဖော်ပြလို့ရတယ်၊ မရဘူး ဆိုတာနဲ့တင် တိုင်းတာလို့ရပြီလို့ ကျနော်တော့ မထင်ဘူး။ ဒီ့ထက် ကျယ်ပြန့်တဲ့ ကိစ္စတွေ ရေးရဦးမယ်။ အပြင်ကနေပြီး ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကလေး ဖော်ပြလို့ ရတယ်၊ မရဘူး ဆိုတာနဲ့ပဲ တိုင်းတာနေတာ ကျနော်မြင်တယ်။ အဲဒါ မှားတယ်လို့ ထင်တယ်။
မြန်မာပြည်ရဲ့ ဂျာနယ်လစ်ဇင်ဟာ စစ်အစိုးရရဲ့ ဖိနှိပ်ခဲ့မှုကြောင့် ဒီနေ့အချိန်မှာ တကယ့် သန္ဓေသားလောင်း အဆင့်မှာပဲ ရှိနေသေးတဲ့ အပြင်၊ တကယ့် အခြေခံကျကျ၊ အတွင်းကျကျ ရေးသားနိုင်တဲ့ ပုံစံမျိုး မရှိသေးဘူး။ တကယ့် တောင်သူ လယ်သမား တွေကြား၊ အလုပ်သမားတွေ ကြားမှာ ဖြစ်နေတာတွေ၊ တိုင်းရင်းသား တွေကြားမှာ ဖြစ်နေတဲ့ ကိစ္စတွေကို ရေးပြနိုင်တဲ့ ဂျာနယ်လစ်ဇင် မရှိသေးဘူးလို့ ကျနော်ထင်တယ်။ အခု လုပ်နေ သလောက်လေး တောင်မှ အစိုးရရဲ့ ထိန်းချုပ်မှု အများကြီးအောက်မှာ ရသလောက် လုပ်နေရတာဖြစ်တယ်။ ဒါပေမယ့် အထဲမှာ ရဲရဲဝံ့ဝံ့နဲ့ လုပ်နေတဲ့သူတွေ အများကြီး ရှိပါတယ်။ အဲဒီလူတွေကို ကျနော်တို့ အများကြီး ချီးကျူးတယ်။ သူတို့အတွက် ဂုဏ်ယူတယ်။
မေး။ ။ ဒါဆို ပြည်ပ မီဒီယာတွေရဲ့ အခန်းကဏ္ဍ ရှိနေသင့်သေးတယ်လို့ ပြောချင်တာလား။
ဖြေ။ ။ ပြည်ပမီဒီယာတွေက နောက်ဆုံးတော့ ပြည်တွင်းကို ပြန်ရမှာပဲ။ ပြည်ပမှာပဲ နေလို့ ရတယ်လို့ ကျနော်တော့ မထင်ဘူး။ ပြည်ပမှာ ရှိနေရတယ် ဆိုတာက ပြည်တွင်းမှာ နေလို့မရလို့ ရှိနေရတာဖြစ်တယ်။ သူတို့တွေ ပြည်ပမှာ မနေတော့ဘဲ ပြည်တွင်းကို ပြန်ပြီဆိုရင် မြန်မာပြည်မှာ သတင်းစာလွတ်လပ်ခွင့် အတိုင်းအတာတခုအထိ တော်တော်လေး ရှိနေပြီလို့ ပြောလို့ ရပါတယ်။
ဒါပေမယ့် ပြည်တွင်းမှာပဲ နေနေ၊ ပြည်ပမှာပဲ နေနေ၊ ဘယ်မှာပဲနေနေ အဓိကက အလုပ်လုပ်ဖို့၊ အလုပ်လုပ်နေတဲ့သူက အရေးကြီးတယ်လို့ ထင်တယ်။
မေး။ ။ သမ္မတကိုယ်တိုင်က ပြည်ပကလူတွေကို တရားဝင်ထုတ်ပြန်တာ မဟုတ်ပေမယ့် ဖိတ်ခေါ်တဲ့ စကား ပြောတာ ရှိတယ်။ တချို့ ပြန်ဝင်တဲ့သူတွေလည်း ပြန်ကြတာတွေ့ရတယ်။ ဒီအတိုင်းဆိုရင် ဧရာဝတီ မဂ္ဂဇင်းလည်း မီဒီယာလွတ်လပ်ခွင့် ရရင် ပြည်တွင်းကို ပြန်မယ်လို့ ယူဆရတော့၊ ဘယ်လို အတိုင်းအတာအထိ လုပ်ပိုင်ခွင့်ရခဲ့ရင် ပြည်တွင်းကို ပြန်မလဲ။
ဖြေ။ ။ ကျနော်တို့ကို အထဲကို ပြန်လာပြီးတော့ မီဒီယာ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ စီးပွားရေးနဲ့ ပတ်သက်ပြီး အခြေချဖို့ ကိစ္စတွေ၊ မီဒီယာရဲ့ အခန်းကဏ္ဍနဲ့ သင်တန်းကိစ္စတွေ ပြန်လာလုပ်ဖို့ ကမ်းလှမ်းမှုတွေ ရှိနေပါပြီ။ ဒါ အထဲမှာရှိတဲ့ စာနယ်ဇင်း မိတ်ဆွေတွေက ကျနော်တို့ကို လာဖို့ ကမ်းလှမ်းတာဖြစ်ပါတယ်။ ဒါကိုလည်း ကျနော်တို့ စဉ်းစားနေပါတယ်။ ဒါပေမယ့် အထဲမှာ မီဒီယာသမားတွေ၊ စာနယ်ဇင်းသမားတွေကို ဖိနှိပ်မှုတွေ ရှိနေသေးသရွေ့ မီဒီယာ ဖွံ့ဖြိုးတိုးတက်မှုကိစ္စကို ဘယ်လိုလုပ်မှာလဲ။ လုပ်ဖို့ အတော်ခက်ပါလိမ့်မယ်။ ဆင်ဆာဘုတ်တွေ မရှိဖို့လိုမယ်၊ အထဲမှာ လွတ်လပ်ခွင့် အပြည့်အဝ ရေးလို့ ရနိုင်မယ့် အနေအထား ရှိရမယ်။ အဲဒီအနေအထားတခုကို ရောက်ပြီဆိုရင်တော့ ဒီက မီဒီယာတွေနဲ့ ကျနော်တို့ ကိုယ်တိုင် ပြန်ဖြစ်မယ်လို့ ကျနော် ထင်တယ်။ ပြန်တဲ့အခါ ကျရင်လည်း ရိုးရိုးမဟုတ်ဘဲ သိက္ခာရှိရှိနဲ့ ပြန်တာမျိုး ဖြစ်ဖို့ လိုတယ်။ ပြည်ပကလူတွေက ပြန်ပြီဆိုရင်တော့ ထောင်ထဲကို ပြန်ကြမှာမဟုတ်ဘူး၊ သူတို့ကိုယ်သူတို့ ခြင်းထဲက ကြက် အဖြစ် ခံမှာမဟုတ်ဘူး။ အဲဒီလို ပုံစံမျိုးဆိုရင်တော့ သူတို့ ပြန်ကြမှာ မဟုတ်ဘူး။
အစက ပြောခဲ့သလို မင်းတုန်းမင်းရဲ့ သတင်းစာလွတ်လပ်ခွင့် ဥပဒေ မျိုးတွေကို အကောင်အထည်ဖော်ပြီး လုပ်ဖို့ လိုလိမ့်မယ်လို့ ကျနော်ထင်တယ်။ ခါချဉ်ကိုက်မှာကို ကြောက်နေစရာ မလိုဘဲနဲ့ မင်းတုန်းမင်းရဲ့ သတင်းစာ လွတ်လပ်ခွင့် ဥပဒေတွေကို အာဏာပိုင်တွေ သိအောင် ရဲရဲဝံ့ဝံ့ ပြောဖို့ လိုပါလိမ့်မယ်။ အဲဒီလို လုပ်ချင်နေတဲ့သူတွေလည်း တော်တော် များများ ရှိနေမယ်လို့ ကျနော်ထင်တယ်။ ဝန်ကြီး ဦးကျော်ဆန်းကိုတော့ ကျနော် မသိဘူး။ ဒါပေမယ့် တခြား လုပ်ချင် နေမယ့်သူတွေ အများကြီး ရှိနေမယ်လို့ ထင်တယ်။
ပြန်တယ် ဆိုတဲ့အခါကျရင်လည်း အစ ပထမမှာတော့ ကျနော်တို့အနေနဲ့ စီးပွားဖြစ်၊ စီးပွားရေးအတွက် လုပ်နိုင်လိမ့်မယ်လို့ ကျနော် မထင်ဘူး။ ကျနော်တို့ရဲ့ အခန်းကဏ္ဍကို၊ ကျနော်တို့ကိုယ် ကျနော်တို့ အမှန်တရားကို ဖော်ထုတ် ရေးသားတဲ့ စာနယ်ဇင်း ဝန်ထမ်းတွေ၊ Public Servant တွေအဖြစ်ပဲ မြင်တယ်။ တခြားနိုင်ငံတွေ မှာလည်း ပုံစံအမျိုးမျိုး ရှိပါတယ်။ အစိုးရ ကိုယ်တိုင်က လွတ်လပ်တဲ့ မီဒီယာကို အကောင် အထည်ဖော်ဖို့အတွက်၊ ဝေဖန်ရေးသားနိုင်ဖို့အတွက် ဒေါ်လာ သန်းနဲ့ချီ ပေးထားပြီး ပြည်သူလူထုအတွက် အမှန်တရားကို ထုတ်ဖော်ဖို့ လုပ်ပေး ထားတာတွေ ရှိပါတယ်။ အစိုးရ မှားတာလုပ်ရင် ဝေဖန်ခွင့်ရှိတဲ့ ပုဂ္ဂလိက မီဒီယာတွေ အများကြီး ရှိပါတယ်။ အဲဒါမျိုးကိုလည်း ကျနော်တို့ လေ့လာနေတာ ဖြစ်ပါတယ်။
အဲဒီလို မဟုတ်ဘဲနဲ့ ဝန်ကြီးဦးကျော်ဆန်း တို့ကနေပြီး ဝါဒဖြန့် သတင်းစာ တွေထုတ်မယ်၊ ဆင်ဆာဘုတ်ကို အရည်အသွေး မြှင့်မယ်၊ ဆင်ဆာ ဖြတ်တောက်မှုတွေပဲ ဆက်လုပ်မယ်၊ မြန်မာပြည် အကြောင်းကို သူတို့ပြောချင်တဲ့ အာဘော်နဲ့ပဲ ဆက်ပြော နေမယ် ဆိုရင် မြန်မာပြည်ရဲ့ သတင်းစာလွတ်လပ်ခွင့်က နတ်ဆိုးတွေ နှောင့်ယှက်တာကို ခံနေရဦးမယ်လို့ ကျနော်ထင်တယ်။ အဲဒါတွေ မရှိတော့ဖို့ လိုအပ်တယ်။ အဲဒီကဏ္ဍ တွေမှာ အပြင်က ကျနော်တို့ လေ့လာခဲ့တာတွေကို ဘယ်လို ဖြည့်ဆည်း ပေးလို့ရမလဲ၊ ဘာတွေကူညီလို့ရမလဲ ဆိုတာ စဉ်းစားမယ်။ တိုင်းပြည်ကျန်းမာရေး ကောင်းဖို့က မီဒီယာ ကျန်းမာရေး ကောင်းဖို့ လိုအပ်တယ်။ ဒါမှ ဒွန်တွဲပြီး အတူတူ သွားလို့ရမယ်လို့ ထင်ပါတယ်။
နိုင်ငံတကာအလှူရှင်တွေထဲမှာ မြန်မာပြည် ပွင့်ပြီဆိုတာနဲ့ ဝင်ချင်တဲ့သူတွေ အများကြီးပါ။ အဲဒီတော့ ဘယ်နေရာမှာ သူတို့က ကျယ်ကျယ် ပြန့်ပြန့် ရင်းနှီးမြှုပ်နှံမှာလဲ ဆိုတာကလည်း အရေးကြီးတဲ့ အချက်ဖြစ်လာပြီ။ အဲဒီအချိန် ရောက်လာတဲ့ အခါမှ ဧရာဝတီ အပါအဝင် ပြည်ပ မီဒီယာတွေကလည်း အသင့်အနေအထား တခုမှာ ပြည်တွင်းကို ပြန်နိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်။
မီဒီယာသမား တယောက်၊ သတင်းသမား တယောက်အနေနဲ့ ပြောရရင်တော့ ကျနော်တို့က မြန်မာပြည်အကြောင်းကို ရေးသားလာတာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်တယ်။ ဒီတော့ နိုင်ငံခြားသား မီဒီယာသမားတွေလည်း ပြည်တွင်းကို ဗီဇာ မရရအောင် လျှောက်ပြီး သွားကြတာပဲ။ သတင်းသမား တဦးချင်း အနေနဲ့ ကျနော့်ကိုယ်ကျနျော် ပြောရမယ်ဆိုရင်တော့ ပြည်တွင်းမှာ လူတွေနဲ့တွေ့ပြီး လွတ်လွတ်လပ်လပ် သတင်းရေးသားချင်တယ်။ အဲဒီလို ရေးသားခွင့်လည်း ရချင်တယ်။ ကျနော်တို့ သွားပြီး အခြေစိုက်ခွင့် မရှိသေးဘူး ဆိုရင်တောင် သတင်းသွားယူခွင့် ရေးသားခွင့်၊ လူတွေနဲ့ တွေ့ပြီး အင်တာဗျူးလုပ်ခွင့်၊ သမ္မတကအစ၊ အစိုးရ တာဝန်ရှိသူတွေ၊ အတိုက်အခံတွေနဲ့ တွေ့ပြီး မြန်မာပြည်ရဲ့ အကြောင်းကို ဒီထက် ပိုပြီး ထဲထဲဝင်ဝင် သတင်းရေးသားခွင့် ရချင်တယ်။ အဲဒီအတွက်ကတော့ ကျနော်တို့ ပြန်မယ်လို့ ပြောချင်တယ်။
No comments:
Post a Comment