Pages

Wednesday, September 21, 2011

မြန်မာ့ ဘောလုံး အဆင့်အတန်း နိမ့်ကျလာမှု ဘယ်သူ့တာဝန်လဲ


ဘောလုံးကစားနည်းမှာ မြန်မာနိုင်ငံတွင် ထွန်းကားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ဗြိတိသျှများက မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည့် ၁၈၈၅ နောက်ပိုင်းတွင် ပြိုင်ပွဲများကို စနစ်တကျ ကျင်းပနိုင်ခဲ့ကြောင်း အထောက်အထားများမှာ
တွေ့ရှိရတယ်။ ဒါပေမဲ့လည်း ယနေ့ခေတ်မှာ  မြန်မာဘောလုံး အသင်းဟာ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ် မပြောနဲ့ အာရှဖလားပွဲမှာတောင် အောင်မြင်မှုတွေနဲ့ ဝေးနေခဲ့ရတယ်။

ကမ္ဘာ့ဖလား ဘောလုံးပွဲ သမိုင်းမှာ မှာ လူဦးရေ နှစ်သန်းကျော်သာရှိတဲ့ ဆိုဗေးနီးယား ( Solvenia)၊ ကို့ထ်ဒီဘွား
(Côte d'Ivoire)၊ ဂါနာ နိုင်ငံငယ်တွေဟာ ခြေစစ်ပွဲတွေ အောင်နိုင်ခဲ့ပြီး၊ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်အတွင်း
နာမည်ကြီး အသင်းကြီးတွေနဲ့ ကစားရာမှာ ခြေစွမ်းပြနိုင်ခဲ့ကြလို့ နိုင်ငံတကာ ဘောလုံး ဝါသနာရှင်တွေကတောင် အံသြစွာ အသိအမှတ်ပြု ခဲ့ကြရတယ်။ လူဦးရေ ၃ သန်းကျော်သာရှိတဲ့ ဥရုဂွေး ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလား ပိုင်ရှင်ဖြစ်ခဲ့ယုံ သာမက ကမ္ဘာ့ဖလားခြေစစ်ပွဲ  အများဆုံး အောင်နိုင်ခဲ့တဲ့ နိုင်ငံတွေထဲမှာ ပါဝင်တယ်။

တချိန်က မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အာရှမှာ နာမည်ရ၊ အသိအမှတ်ပြု ခံခဲ့ရတဲ့
မြန်မာ့ဘောလုံး အသင်းဟာ ယနေ့တော့ အရှေ့တောင်အာရှ ဘောလုံးလောကမှာတောင် အနိမ့်ဆုံး အဆင့်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့ပါပြီ။
myanmarselection1
ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားကြသော ကမ္ဘာ့ဖလား ဘောလုံးခြေစစ်ပွဲ အိုမန်နှင့် မြန်မာ ဒုတိယအကျော့ ပွဲစဉ်တွင် လာရောက် အားပေးကြသော မြန်မာဘောလုံး ပရိတ်သတ်များကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။

မြန်မာဘောလုံး သမိုင်းမှတ်တိုင်များ

အချက်အလက်ပိုင်းဆိုင်ရာနဲ့ ပြန်လည်သုံးသပ် ကြည့်မယ်ဆိုလျှင် ၁၉၄၇ မှ ၁၉၅ဝ အကြားတွင် မြန်မာ့ဘောလုံးဟာ နည်းပညာနှင့် ရွေးချယ်မှုပိုင်းဆိုင်ရာမှာ စနစ်ကျလာခဲ့ပြီး ၁၉၅၂ ခုနှစ်မှာ ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲများကို စတင်ကျင်းပနိုင်ခဲ့တယ်။ ထို ၁၉၅၂ မှာပင် ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA မှ မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံ ခဲ့တယ်။ မြန်မာနိုင်ငံလက်ရွေးစင် ဘောလုံးအသင်းဟာ ၁၉၆၅ မှ ၁၉၇၃ ခုနှစ်အတွင်း အရှေ့တောင်အာရှ ဘောလုံး ပြိုင်ပွဲများတွင် ငါးကြိမ်ဗိုလ်စွဲခဲ့ပါတယ်။

၁၉၆၆ နှင့် ၁၉၇ဝ အာရှအားကစားပြိုင်ပွဲတွင် ပထမရရှိခဲ့ပြီး ၁၉၆၈ အာရှဖလားပြိုင်ပွဲမှာ ဒုတိယရရှိခဲ့ပါတယ်။ ၁၉၆ဝ နှင့် ၁၉၇ဝ ပြည့်နှစ်ကျော်ကာလများမှ အာရှဒေသတွင်း ပြိုင်ပွဲများဖြစ်တဲ့ ပတ်ချုံဟီးဖလား (တောင်ကိုရီးယား)၊ လွတ်လပ်ရေး ဖလား (အင်ဒိုနီးရှား)၊ မာဒေးကားဖလား (မလေးရှား)တို့တွင် အောင်မြင်မှုများ ဆက်တိုက်ရရှိ နိုင်ခဲ့ သည်။

ယနေ့ခေတ် မြန်မာဘောလုံး အခြေအနေ

ယနေ့ခေတ် မြန်မာဘောလုံးအသင်း အောင်မြင်မှုဟာ သမိုင်း အချက်အလက်အားဖြင့် မဆလ ခေတ်ကထက် အခြေအနေဆိုးရွား နေတာတွေ့ရတယ်။  မြန်မာ့ဘောလုံး ဝါသနာရှင်များ၊ ဘောလုံး စိတ်ဝင်စားသူများ အားလုံး ဒီအချက်ကို လက်ခံထားကြတယ်။ ယခုအခါမှာ နိုင်ငံတကာ ပွဲတွေကို အိမ်ရှင်အဖြစ် ကျင်းပနိုင်ခွင့်တွေကိုပါ ဆုံးရှုံးရတော့မယ့် အနေအထားသို့ ရောက်ရှိလာနေတာကို တွေ့ရတယ်။

မဆလခေတ်မှာ အဆင့်ဆင့် ရွေးချယ်ခဲ့မှုတွေကြောင့် စိုင်းကက်နက်၊ ခွန်ကျော့ဖေ၊ ရွှေဘော်၊ ပေါက်စီ၊ အောင်စံဖြိုး၊ စိုးမိုးကျော်တို့ဟာ တိုင်းနှင့် ပြည်နယ် အသီးသီးကနေ နိုင်ငံကျော် လက်ရွေးစင် အကျော်အမော်တွေ ဖြစ်လာခဲ့သလို၊  အရှေ့တောင်အာရှမှာ လူသိများခဲ့တဲ့ စိန်ဝင်းကြီး၊ စိန်ဝင်းလေး၊ အေးမောင်ကြီး၊ အေးမောင်လေး၊ မောင်မောင်နု၊
မောင်မောင်တင်၊ တင်ဌေးစတဲ့  ဘောလုံးသမားတွေ ကြောင့်လည်း  မြန်မာနိုင်ငံမှာ ဘောလုံးအားပေးသူတွေ၊ စိတ်ဝင်စားသူတွေ ပိုမိုများပြားလာခဲ့တယ်။

ဒါပေမဲ့လည်း မဆလခေတ်မှာ အစိုးရပိုင်းက လုံလောက်မှုရှိတဲ့ ရင်းနှီးမြှုပ်နှံအားပေးမှုတွေ ၊ မက်လုံးပေးမှုတွေ မရှိခဲ့တာကြောင့် မြန်မာ့ဘောလုံးဟာ အရှေ့တောင်အာရှ ဘောလုံးလောကမှာတင် ရပ်တန့်ခဲ့ရပြန်တယ်။

မြန်မာဘောလုံး သမိုင်းလောကကို ပြန်လည်ဆန်းစစ်ကြည့်လျှင် ဘောလုံးကစားချင်တဲ့ လူငယ်တွေ အများကြီး ရှိခဲ့တယ်၊ ကစားခွင့် မရခဲ့ဘူး။ အများစုက ကျောင်းသူ ကျောင်းသားတွေနဲ့ စားဝတ်နေရေး အဆင်မပြေ ဖြစ်နေကြ
တဲ့ လူငယ်တွေပါ။ ထိခိုက်ဒဏ်ရာရလျှင် ဆေးဝါးခ မရှိတာကတကြောင်း၊ အိမ်မှာ ဆန်ဆီမရှိ၊ ဘောကန် အသုံးအဆောင် ပစ္စည်းများ ဝယ်ယူဖို့ ငွေကြေးမရှိ၊  ဘောလုံးလေ့ကျင့်မှု စရိတ် မတတ်နိုင်မှု တွေကြောင့် ဘောလုံး
လောကကို စွန့်ခွာသွားခဲ့ရသူတွေ ဒုနဲ့ဒေးပါ။

ယနေ့ခေတ်မှာတော့ တောမြို့၊ နယ်ပယ်တွေထား၊ ရန်ကုန်မြို့မှာတောင် တချို့နေရာ တော်တော်များများမှာ ကလေး ကစားကွင်းတွေဟာ Night clubs တွေအဖြစ် ပြောင်းလဲသွားတာ တွေ့ရတယ်။ ကလေးတွေ၊ လူငယ်တွေအတွက်
တော့ ကစားစရာ၊ လေ့ကျင့်ရာ ကစားကွင်းတွေတောင် မရှိဖြစ်နေတယ်။ မြို့တိုင်း နယ်တိုင်းမှာ ဘောလုံးကွင်းတွေ မှာ မြေကွက်လပ်တွေမှာ တော်တော်လေး ဆုံးရှုံးကုန်တာ ရှိတယ်။

ဘောလုံးကွင်းတွေဟာ ရပ်ကွက်၊ အဆောက်အအုံတွေ ဖြစ်လာတယ်။ ဘောလုံးပွဲမရှိဘဲ၊ နီးစပ်ရာ ရွေးချယ်တဲ့
ဘောလုံးရွေးချယ်မှုတွေ ဖြစ်လာတယ်။ နိုင်ငံတော်က အားကစားအတွက် သုံးစွဲမှုတွေမှာ နည်းပါးလာခဲ့သည့် အပြင်၊ နဂိုရှိပြီးသား အခြေအနေတွေပါ တနေ့ထက် တနေ့ ဆုံးရှုံးလာနေတာ တွေ့ရတယ်။ နည်းပညာဆိုင်ရာ၊ နိုင်ငံ
ကိုယ်စားပြု အားကစားသမားများ ကို ရွေးချယ်မှုဆိုင်ရာ စံနှုန်းစံထားများ၊ အားကစားသမားများ အား ပညာပေးမှု ဆိုင်ရာ တွေမှာလည်း နိုင်ငံတော်က လုံလောက်စွာ ရင်းနှီးမြှုပ်နှံမှု၊ မရှိတာတွေ့ရတယ်။ တနည်းအားဖြင့် စနစ်တကျ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင် ရွေးချယ် လေ့ကျင့်သင်ကြားပေးမှု အားနည်းနေတာ တွေ့ရတယ်။

ကမ္ဘာ့အဆင့် အတန်းမှာ နိမ့်ကျ သွားခဲ့တဲ့ မြန်မာ့ဘောလုံး

မြန်မာ့ဘောလုံး ဘာကြောင့် တဖြည်းဖြည်း နိမ့်ကျလာခဲ့သလဲ။

၁) အကျင့်ပျက် ခြစားမှုများရှိနေခြင်း၊

၂) စနစ်တကျ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အဆင့်ဆင့် ပြုစုပျိုးထောင် ရွေးချယ်
    လေ့ကျင့်သင်ကြား ပေးမှုမရှိခြင်း၊


၃) အားကစားမှာ အစိုးရပိုင်းက လုံလောက်စွာ ရင်းနှီးမြှုပ်နှံမှု မရှိခြင်းလို့

မြန်မာ့ဘောလုံးအားကစား သမိုင်းကြောင်းကို လေ့လာနေသူတွေက တညီတညွတ်တည်း ပြောဆိုခဲ့ကြတယ်။

မြန်မာ့ဘောလုံး အသင်းကို  ၁၉၈၇ ခုနှစ် က ၂၀၀၄ ခုနှစ်ထိ စီမံအုပ်ချုပ်ခဲ့သူက နအဖ စစ်ဗိုလ်မှူးကြီးတွေပါ။ သူတို့ လက်ထပ်မှာ မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး သာမက အားကစားရေးရာတွေမှာပါ နိုင်ငံတကာနဲ့ ယှဉ်လျှင် ဘာမှ
အောင်မြင်မှု မရရှိခဲ့ပါဘူး။

တနည်းအားဖြင့် ဦးဆောင်မှုပိုင်း ညံ့ဖျင်းမှု၊ တာဝန်ယူမှု မရှိခြင်းကြောင့်  မြန်မာ့ဘောလုံး အဆင့်အတန်း နိမ့်ကျလာ ခဲ့တယ်။ ပုဂ္ဂိုလ်ရေးအရ နီးစပ်ရာ လူများကိုသာ စီမံခန့်ခွဲ အုပ်ချုပ်မှုဆိုင်ရာတွေမှာ မှားယွင်းစွာ ရွေးချယ်ခဲ့မှုများ၊
မြန်မာ ဘောလုံး စီမံခန့်ခွဲ အုပ်ချုပ်မှုပိုင်းမှာ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးအရ ဝင်ရောက် ရောထွေးမှုတွေ ရှိနေမှုများကြောင့် စီမံခန့်ခွဲအုပ်ချုပ်မှုပိုင်းမှာ အရည်အချင်းရှိတဲ့သူများ နည်းပါးလာခြင်း ဟာလည်း မြန်မာ့ဘောလုံး မအောင်မြင်ရခြင်းရဲ့  အဓိကအကြောင်းအရင်း ဖြစ်လာခဲ့ရတယ်။
fifaandzawzaw
ဘောလုံးနှင့် နိုင်ငံရေး

ပြီးခဲ့တဲ့ မတ်လပိုင်း က  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ မစ္စတာ ဆတ် ဘလတ္တာ မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် အဖြစ် မတ်လ ၁၅ ရက်နေ့က သွားရောက်ခဲ့ကာ   မြန်မာဘောလုံးအသင်းဥက္ကဋ္ဌ မက်စ် ဇော်ဇော်၏ စီစဉ်ပေးမှုဖြင့် နေပြည်တော်သို့ သွားရောက်၍ အစိုးရသစ်တွင် သမ္မတ ဖြစ်လာမည့် လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန် ကိုလည်း တွေ့ဆုံခဲ့သည်။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံတကာ အားကစားပွဲတွေကို ကျင်းပလာနိုင်ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ တိုးတက်
ပြောင်းလဲမှုတွေ ရှိလာနေပြီဖြစ်ကြောင်း မြန်မာဘောလုံးကို နိုင်ငံရေးအရ လက်နက်သဖွယ် အသုံးချဖို့ ပြသရန် ရည်ရွယ်ခဲ့တယ်။ ဒါပေမဲ့လည်း နိုင်ငံရေး ပြဿနာတွေ၊ စီးပွားရေးရေး ဖွံ့ဖြိုးတိုးတက်မှု မရှိသေးတဲ့ မြန်မာနိုင်ငံမှာ
နိုင်ငံတကာ အဆင့်မှီ အားကစားပွဲတွေကို ကျင်းပနိုင်တဲ့ စံချိန်စံနှုန်းအဆင့် တကယ်တော့ မရှိသေးပါဘူး။

ဒါကို သိသိနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ဥက္ကဋ္ဌ မစ္စတာ ဆတ် ဘလတ္တာကို အသုံးချခဲ့တာ တွေ့ရတယ်။  မြန်မာ၊ အိုမန် ပွဲဖြစ်စဉ်ကို ဆန်းဆစ် ကြည့်ခြင်းအားဖြင့် လက်ရှိ နိုင်ငံရေး ပြဿနာ ပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ
နိုင်ငံတကာ အားကစားပွဲတွေ ကျင်းပရန် မသင့်တော် သေးကြောင်း၊ နိုင်ငံတကာ အဆင့်မီဖို့ အခင်းအကျင်းနှင့်
စီမံခန့်ခွဲ အုပ်ချုပ်မှု ပိုင်ဆိုင်ရာတွေမှာ ညံ့ဖျင်းမှုတွေရှိနေကြောင်း နိုင်ငံတကာ သတိထား မိလာကြတယ်။

ဒီနေရာမှာ လိုင်စင်ရ ဝိသမ စီးပွားရေးသမား ဆိုတာကတော့ ဈေးကွက်တခုလုံးကို အာဏာပိုင်နဲ့ ပေါင်းပြီး ကိုယ်ကျိုး ရှာသူကို ဆိုလိုတာဖြစ်တယ်။ သူတို့ဟာ မြန်မာ့ဘောလုံးအပြင် စီးပွားရေးလောက တခုလုံး၊  ဈေးကွက် တခုလုံးကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့် ရလာတဲ့အတွက် အဆမတန် ကြွယ်ဝချမ်းသာလာတဲ့ ခေတ်ပျက်သဌေးတွေ မျှသာ
ဖြစ်ပါတယ်။

လူတယောက်ဟာ စီးပွားရေး လုပ်တာဟာ ကောင်းပါတယ်။ မကောင်းတာကတော့ လူတယောက်တည်းကို အခွင့်အရေးတွေပေးပြီး ကျန်တဲ့သူတွေကို ညီမျှတဲ့ အခွင့်အလမ်းတွေ မပေးခြင်း ဖြစ်ပါတယ်။ ဈေးကွက်ကို လက်ဝါးကြီးအုပ် (Monopoly ) ထားခြင်းသာ ဖြစ်တယ်။ ဒီလိုဖြစ်ရပ်တွေကြောင့်လည်း မြန်မာပြည်သူတွေက ဒီလိုမညီမျှတဲ့၊ တရားမျှတမှုမရှိတဲ့ စနစ်ကို တိုက်နေခြင်း ဖြစ်ပါတယ်။

နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ မြန်မာဘောလုံးအသင်း တကယ်အောင်မြင်မှုတွေ ရယူလိုချင်သလား။ ဝိသမ စီးပွားရေး သမား ခိုးသားငါးရာ  မြန်မာ့ဘောလုံးလောကကို ငွေကြေးအင်အားသုံးပြီး အပန်းဖြေ အသုံးတော်ခံ စီမံခန့်ခွဲမှု ပြုလုပ်
နေမှုကို  အစိုးရတရပ်အနေဖြင့်   ဆက်လက်ခွင့်မပြုသင့်ပါလို့ပဲ အကြံပေးပါရစေ။

နိုင်ငံတကာမှာ  အဆင်နိမ့်ကျလာနေတဲ့ မြန်မာဘောလုံး  အောင်မြင်မှုတွေ တက်လှမ်းနိုင်ဖို့အတွက် နိုင်ငံတော်
အစိုးရ တရပ်အနေဖြင့် စီမံခန့်ခွဲ အုပ်ချုပ်မှုဆိုင်ရာ အမှားတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသရွေ့လည်း မြန်မာ့
ဘောလုံးအနာဂတ်မှာ ဆုံးရှုံးမှုတွေနဲ့ ဆက်လိုက်ရင်ဆိုင် နေရပါလိမ့်မယ်။

No comments:

Post a Comment