ငမိုးရိပ်ချောင်းအတွင်းသွားလာနေသောမိချောင်းတစ်ကောင်အားပြန်လည်ဖမ်းဆီးရမိ |
ငမိုးရိပ်ချောင်းအတွင်း သွားနေသော မိကျောင်းတစ်ကောင်အား အောက်တိုဘာလ ၂၈
ရက်နေ့၊ ည ၇ နာရီအချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ အဆိုပါမိကျောင်းကို သာကေတမြို့နယ်၊ ကမာကြည်တံတားအနီး ငမိုးရိပ်ချောင်းအတွင်းတစ်နေရာ၌ ဖမ်းဆီးရမိခဲ့ကြောင်း ၁၀ ပေအရွယ်ရှိပြီး မိကျောင်းအမတစ်ကောင်ဖြစ်ကြောင်း သိရှိရသည်။ ယင်းမိကျောင်းကို ဖမ်းဆီးရာ၌ ၀ိုင်းဝန်းကူညီပေးခဲ့သူ ဦးထွန်းဝင်းက ''အဲဒီနေ့က သဲတင်လာတဲ့ သမ္ဗာန်ကို စံပြဈေးဘက်က အောင်သုခအိမ်ယာကို သဲပို့ပြီးပြန်လာတဲ့အချိန်မှာ အဲဒီမိကျောင်းက ရေကိုဆန်ပြီး တက်လာ တယ်။ အဲဒီတော့ သမ္ဗန်မှာပါတဲ့ ကိုတင်မောင်ဝင်းက ကြိုးကွင်းပစ်ပြီးတော့ ဖမ်းခဲ့ပါတယ်။ ပြီးတော့ ဖမ်းမိထားတဲ့မိကျောင်းကြိုးကို သမ္ဗန်နဲ့ချည်ပြီးတော့ သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်၊ အောင်မင်္ဂလာ သဲကွင်း ကို ဖမ်းခေါ်သွားပါတယ်။ ကုန်းပေါ်ရောက်တော့ မိကျောင်းက လှုပ်ရှားမှုမရှိတဲ့အတွက်ကြောင့်မို့လို့ ရေနဲ့ပတ်ဖြန်း လိုက်တဲ့အချိန်မှာ ပါးစပ်ဟပြီးတော့ အနားကလူတွေကိုလိုက်ကိုက်တော့ ပါးစပ်ကိုကြိုးနဲ့ ချည်လိုက် ပါတယ်။ တာဝန်ရှိသူတွေကို ဆက်သွယ်ပြီးတော့ မိကျောင်းမွေးမြူရေးနှင့်လိပ်မျိုးထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့လှေကလည်း အမည်းရောင်လည်းဖြစ်တယ်။ ညဘက်အချိန်ဆိုတော့ လှေနား အထိကပ်လာတဲ့အချိန်မှာ ဖမ်းခဲ့တာပါ'' ဟု ပြောကြားခဲ့သည်။ သာကေတမြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစန်းမင်းက ''ကျွန်တော်နှင့်တခြားအဖွဲ့တွေက အဲဒီမိကျောင်းကို စောင့်ဖမ်းခဲ့တာ(၁၀)ကြိမ်လောက် ရှိပါပြီ။ တွေ့လိုက်တာနဲ့ ပြန်ပြန်ပျောက်သွားခဲ့ပါတယ်။ လူတွေက ငမိုးရိပ် ချောင်းထဲမှာ မိကျောင်းနှစ်ကောင်ရှိတယ်လို့ ပြောနေကြတယ်။ ဒါပေမယ့် ဖမ်းဆီးရေးအဖွဲ့တွေကတော့ ဒီမိကျောင်းက ဟိုမှာ ပေါ်လိုက် ဒီမှာပေါ်လိုက် တစ်ကောင်တည်းပါလို့ ပြောပါတယ်။ ထူးခြားတာကတော့ ဖမ်းမိတဲ့ မိကျောင်းက နှာအဖြူရောင်ဖြစ်ပါတယ်။ စောင့်ကြည့်နေတဲ့ အချိန်တုန်းက အဲဒီ မိကျောင်းကအရှည်ခြောက်ပေလောက်ပဲရှိမယ်လို ခန့်မှန်းခဲ့ပေမယ့် တကယ်တမ်းတော့ ၁၀ ပေလောက်ရှိပါတယ်။ အကယ်၍ နောက်တစ်ကောင် တွေ့ခဲ့ရင်တော့ စောင့်ကြည့်ပြီးတော့ ဖမ်းဆီးသွားပါမယ်။ ဖမ်းဆီးပေးခဲ့တဲ့လူတွေကို ဆုငွေကျပ်တစ်သိန်း ချီးမြှင့်ပေးခဲ့ပါတယ်'' ဟု ပြောကြားခဲ့သည်။ ဖမ်းဆီးရမိခဲ့သော မိကျောင်းကို သာကေတမိကျောင်းမွေးမြူရေးနှင့် လိပ်မျိုးထိမ်းသိမ်းရေးစခန်း ကန်အမှတ်(၂)တွင် သီးသန့်တစ်ကောင်တည်းထားရှိပြီး ပြုစုမွေးမြူထားကြောင်း သိရှိရသည်။ |