Pages

Sunday, October 30, 2011


ရန်ကုန် ပြည် ကားလမ်းမပေါ်က ကြို့ပင်ကောက်ဆိုတဲ့ မြို့ကလေးကို ဖြတ်သွားမိရင် သူများတွေ ဘာတွေ တွေးမိသလဲ တော့ မသိဘူး။ ကိုယ့်ဘာသာတော့ ငယ်ငယ်တုန်းက အင်မတန် နံမယ်ကြီးတဲ့ လေချွန်နတ်ဆိုတာကို သွားသတိရပါ တယ်။ သူက ရှေ့ဖြစ် နောက်ဖြစ် ဗေဒင်ယတြာတွေ ဟောတာမဟုတ်ဘူးဗျ။ ကွယ်လွန် သွားတဲ့လူတွေ တမလွန်မှာ ကျွတ်ကျွတ်လွတ်လွတ် ဖြစ်မဖြစ်၊ ဘယ်လိုဘ၀မျိုး ကူးပြောင်းသွားတယ်လို့ ဟောနိုင်ပြီး မကျွတ်မလွတ်သေးလို့ရှိရင် အ လွမ်းပြေ  ချတ်တင်ဝင်လို့ ရသတဲ့။ စစ်ကိုင်းပြည်တို့ ရွာဦးမစိန်ကြာတို့လို အရုပ်မမြင်ရပေမယ့် ဂျီးတော်နဲ့ ချက်သလို အ သံကလေးတော့ ကြားနိုင်သတဲ့။ သို့သော်ငြားလည်း မြန်မာပြည်ကွန်နက်ရှင်နဲ့ဆိုတော့ သိတဲ့အတိုင်းပဲလေ။ တရွှီရွှီနဲ့ လေချွန်သံတွေချည်းပဲ ကြားနေရတာနဲ့ နတ်ကတော်လုပ်တဲ့ ဘွားတော်ကြီးက အင်တာပရက်တာ လုပ်ပေးရပါသတဲ့။ သူ့ခေတ်နဲ့ သူ့အခါတုန်းကတော့ အင်မတန်မှန်တယ်တဲ့ဗျား။ ရွှေမန်းတင်မောင် ဘယ်ဘ၀ရောက်နေတယ်တို့ ဘာတို့ တောင် အတိအလင်း ဟောနိုင်တယ်လို့ ပြောကြတာပေါ့။ ဗမာပီပိ ဗေဒင်မေး၊ နတ်မေး၊ အတင်းတုပ်၊ အိမ်လည်ဆိုတာ ဘယ်သူမှ မနေနိုင်တဲ့ အမျိုးဆိုတော့ အပျင်းပြေ သွားမေးကြည့်ရင် မကောင်းဘူးလား။ လာ .. လိုက်ခဲ့ …။
………………………………………………
ကျွန်ုပ် …. အမေကြီး။ နေကောင်းလား။ အရင်လို ဟောနိုင်ပြောနိုင်တုန်းပဲလား။
လေချွန်နတ် …. ကောင်းပ မောင်ရာ။ အရင်လောက်တော့ ဘယ်ဟောရတော့မလဲ။ ခေတ်ကာလ သားသမီးတွေက သေ သောသူ မကြာခင် မေ့ကုန်ကြလို့ အမေးအမြန်း သိပ်မထူတော့ဘူး။ သေတဲ့သူတွေကလည်း ရှေးကလို မြေကြီးထဲ ရွှေ တွေ မြှုပ်ပစ်ခဲ့တာမှ မရှိတော့တာ။
ကျွန်ုပ် …. အမေကြီးက သေပြီးသားလူဆို ဘယ်လောက်ကြာကြာ ပြန်ခေါ်မေးးလို့ရတာပဲလားဗျ။
လေချွန်နတ် …. ဘ၀မကူးသေးရင်တော့ ရတာပကွယ်။ မင်းတို့ ခုနှစ်ရက်သားသမီးတွေတောင် အနော်ရထာ လက်ထက် က ဖျဉ်းဘရားသား ခေါ်ခေါ်ပြီး ပါတီပေးပေးနေကြတဲ့ ဥစ္စာ။ နတ်နဲ့ နဂါး မလှည့်စားနဲ့တဲ့။ ဘာလဲ။ ပညာစမ်းချင်လို့လား။ ငါ .. တယ် …။
ကျွန်ုပ် …. ယုံပါပြီ အမေရယ်။ ယုံပါပြီ။ ခုခေတ်နတ်ကတော်တွေက ကွမ်ရင်မယ်တော်ကြီးတောင် ရအောင်ပင့်နိုင်တာ တွေ့ပါတယ်။ ဒါထက် စကားမစပ်ဗျာ။ သူတို့လို ဘာသာမတူတဲ့ လူမျိုးခြားနတ်တွေ ၀င်လာပြီး ပြောရင်လည်း အမေတို့ က နားလည်တာပဲလား။
လေချွန်နတ် …. တော်ပြောမှပဲ ကျုပ်တို့နတ်ကတော်တွေ ယူအက်ဖ်အယ်လ်ပြေးပြီး စပီကင်တက်ထားရမယ့်ပုံ။ နတ်တို့ ၏ ဘာသာစကားဆိုတာ မနောက ပြောတာကွဲ့။ ထရန်စလိတ်တာ မလိုဘူး။ ချက်ဆို နားခွက်က မီးတောက်တယ်။ ဂွပ် ကနဲ့ဆို ဓါတ်ပြီးသား။ နပ်လွန်လွန်းလို့ နတ်ဖြစ်နေတာပေါ့ သားရယ်။
ကျွန်ုပ် …. ပေါက်ပါပြီ အမေ။ ပေါက်ပါပြီ။ ပညာစမ်းတယ်တော့ မအောင့်မေ့ပါနဲ့။ မေးချင်သိချင်တဲ့စိတ်တွေ များလွန်းလို့ မစားနိုင်မအိပ်နိုင်ဖြစ်ခဲ့ရတဲ့ လူတစ်ယောက်ရှိပါတယ်။ သေတာတော့ နည်းနည်းကြာပါပေါ့။ အမေကြီးရဲ့ စက်တလိုက် ထဲမှာ ဘရောင့်ဇ်လုပ်ပေးပါဦး။ ရှိများရှိရင် မေးလိုက်ချင်ပါရဲ့။
လေချွန်နတ် …. နံမယ်နဲ့ သေတဲ့ခုနှစ်ကို ပြောလေ။ ဒေတာ အန်းတားမလုပ်ပဲ ငါက ဘယ်လိုရှာရမှာတုန်း။ ဘယ်လို သူ ငယ်ပါလိမ့်။ သတင်းစာထဲမှာ ယောက္ခမလွမ်းစာတွေ ထည့်ထည့်နေပုံထောက်ရင် ဘာတွေမေးချင်နေမှန်းမသိ။
ကျွန်ုပ် …. ဟုတ်ပါဘူး အမေကြီးရယ်။ သေတဲ့ခုနှစ်ကလေး ပြန်စဉ်းစားနေလို့ပါ။ မှတ်မိပြီဗျ။ ခရစ်တော်မပေါ်ခင် ဘီစီ ၃၉၉ မှာ ကွယ်လွန်သွားတာ။ နံမယ်ကတော့ ဆော့ခရိတ္တိ လို့ခေါ်တယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ပါတီအတွေး အခေါ်စာအုပ်တွေထဲမတော့ အင်္ဂလိပ် စာလုံးပေါင်းအတိုင်း ဗမာလိုအသံထွက်ပြီး ဆိုကရေးတီး လို့ ခေါ်ကြတယ်။
လေချွန်နတ် …. သောက်ကျိုးနည်း။ လက်စသတ်တော့ နင်က ငါ့ကို ပညာစမ်းနေတာပေါ့လေ။ ရွှီဘွားတော်ဟဲ့။ သေမှာ မကြောက်လို့ ပေတရာလျှောက်နေတာ။ နင့်အကောင် နတ်ဖြစ်နေလို့ကတော့ ခေါ်ပြလိုက်မယ်။ မေးစမ်းတော်။ အမုန်း။ ပြီးရင် နင့်ကိုပါ သူနဲ့ ပြန်ထည့်ပေးလိုက်မယ်။ @#$%…..
…………………………….
ကျွန်ုပ်… ဟော … လာပြီ လာပြီ ဒေါ်သက်ရီ။ ဘယ်ရပ်ဘယ်ရွာကလာတဲ့ ဘယ်သူဘယ်ဝါ ဆိုတာကလေး အင်ထရို လုပ် တော်မူပါဦး ဖျာ့။
ဆော့ခရတ္တိ …. အောင်မယ်။ ခေါ်တုန်းကခေါ်ပြီး။ အခုမှ မသိချင်ယောင်ဆောင်နေတယ်။ နံမယ်က ဆော့ခရိတ္တိ၊ အိုလံ ပပ်စ်တောင်တော်။ ခေါမပြည်ကလာတာ ။
ကျွန်ုပ် … သိပါပြီ ဆရာကြီးရယ်။ လေးစားလွန်းလို့ ပင့်ရဖိတ်ရတာပါ။ အော်မီသော်ဖော် (အမိတဘ) စိတ်မရှိပါနဲ့။ ပညာ ရှိစကားများ တမလွန်က ကြားရရင်တောင် အမှောင်ခွင်း အလင်းဆောင်နိုင်တယ်ဆိုလို့ပါ။ အမိုက်အမဲလေးတွေကို ဗွေမ ယူပါနဲ့။ ဆိုကျောင်းလောင် (ဆိုဆရာတော်)။
ဆော့ခရိတ္တိ …. လေသံတွေ ကြားရတာကတော့ တရုတ်ပြည်ကြီးရဲ့ ပြည်နယ်တခုက မှတ်တယ်။
ကျွန်ုပ် …. အညာကဆရော်လို့ နှုတ်ဆက်ရင် မြောက်ကိုရီးယားကလို့ မှတ်မှာလား အားပုဂျိရယ်။
ဆော့ခရိတ္တိ …. အေးကွဲ့။ တောင်ကိုရီးယားစော်ကတော့ နည်းနည်းမှ မနံတာအမှန်။
ကျွန်ုပ် …. လိုရင်းမရောက်ဘဲ ချော်တောငေါ့သွားတော့မှာပဲ။ ဆရာကြီး ခင်ဗျား။ ဆရာကြီးကို အေသင်မြို့သူမြို့သား တွေက အဆိပ်ခွက် ကိုယ်တိုင်သောက်စေပြီး ကွပ်မျက်ခဲ့တယ်လို့ ကြားဖူးပါတယ်။ ဘာအမှုနဲ့များပါလိမ့် ခင်ဗျာ။
ဆော့ခရိတ္တိ …. နတ်ဘုရားများကို ပူဇော်ပသခြင်း မပြုမှု၊ လူငယ်တွေကို ဘုရားတရားမကြည်ညိုအောင်၊ မိဘ ဆိုဆုံးမရ ခက်အောင် မြှောက်ထိုးပင့်ကော်လုပ်မှု၊ ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ မိုးအောက်မြေပြင် ဟိုဟာမှန်တယ်။ ဒီဟာမှားတယ်နဲ့ လျှောက်တွေးနေပြီး အဲသလိုတွေးထားတာတွေကို သူများတကာ နားလည်လက်ခံလာအောင် ပလီစိချောက်ချက်တွေ ဟောပြောရေးသားမှု ပါတဲ့ကွယ်။ လိုရင်းကို တခွန်းတည်း ပြောရရင် ယုံကြည်ချက်ကို မစွန့်လွှတ်နိုင်လို့ အသက်နဲ့လဲခဲ့ တာပေါ့ကွ။
ကျွန်ုပ် …. ကိုယ်နဲ့ယုံကြည်ချက်ချင်းမတူတာနဲ့ပဲ၊ ကိုယ့်သြဇာမတည်မြဲမှာ စိုးတာနဲ့ပဲ အပြစ်လို့ သတ်မှတ်ပြီး အဲဒီအပြစ် အတွက် သေဒဏ်စီရင်တယ်ဆိုတော့ အေသင်မြို့သူမြို့သားတွေဟာ တော်တော် ရက်စက်မိုက်မဲကြပုံ ရတယ်နော်။
ဆော့ခရိတ္တိ …. အဲလို မပြောရဘူးကွ။ ဂျူရီလူကြီးပေါင်း ၅၀၀ က ဆုံးဖြတ်တာ။ အများစုက ဥပဒေနားမလည်တဲ့ အပျော် တမ်းဝါသနာရှင်တွေ၊ လူအိုလူမင်းနဲ့ ဒုက္ခိတတွေလည်းပါတယ်။ အိမ်မှာနေရတာပျင်းလို့ တနေ့ သုံးအိုဘို ရလည်း မနည်း ဘူးဆို လာထိုင်နေတဲ့သူတွေလည်း ပါတယ်။ ဘာပဲဖြစ်ဖြစ် အေသင်နိုင်ငံသားစစ်စစ်တွေက စီရင်လိုက်တာဆိုတော့ ခံ သာတာပေါ့ကွာ။ မင်းလည်း သိပ်အာချောင်မနေနဲ့။ အေသင်သားတွေ မင်းတို့ဆီ ၀င်စားတာ ဘယ်နှစ်ယောက်ရှိမှန်း မ သိဘူး။
ကျွန်ုပ် …. ဟုတ်မယ်။ ဟုတ်မယ်။ ကျွန်တော်တောင် တယောက်သိသေးတယ်ဗျ။ သူ့နံမယ်က အေသင်ချိုဆွေတဲ့။ က လေးမလေးက ချစ်စရာလေးပါ။ ဒေါသတော့ ကြီးမယ့်ပုံနော်။ ဒီမှာ တင်းတယ် တင်းတယ်။ တင်းတယ် တင်းတယ် ဟေ့ …. ဆိုလား။
ဆော့ခရိတ္တိ …. ၀ါသနာတွေက တားလို့ကို မရဘူး ပေါ်ပေါ်လာပြီ။ မင့်မှာ ငါ့လို အမှန်တရားအတွက် ယုံကြည်ချက်အ တွက် အသက်စွန့်ဝံ့တဲ့သတ္တိလည်း မရှိဘဲနဲ့။ မရဲဘဲ ကျွဲပြဲ မစီးချင်ပါနဲ့ကွယ်။ မင့်လောက်ကတော့ သေဒဏ်တောင် ပေးစ ရာမလိုဘူး။ ထောင်ရောက်တန်းရောက်နဲ့တင် ဇီဝိန်ကြွေသွားမှာ။ ဖောင်ကြီးဆန်တောင် မစားနိုင်ဘဲနဲ့ ထောင်နှုတ်ခမ်း နင်းဦးမလို့လား။ ရယ်ချင်တယ်။
ကျွန်ုပ် …. ဟုတ် …. ဟုတ်။ သားသား ကြောက်ကြောက်ပါခင်ဗျ။ (တရုတ်ကလေးတွေခေါ်တဲ့ ကျောက်ကျောက် မဟုတ် ဘူးနော်) ဆရာကြီးကလည်း .. အနော်က ဘာတွေလုပ်နေလို့တုန်းလို့။ ဟာပဲ .. ဟာပဲ။ ဟာဗျာ … ဟာဗျာ။
ဆော့ခရိတ္တိ …. ငါတို့ အိုလံပပ်စ်တောင်တော်ကို နင်ရောက်နေတဲ့ အမ်းလို မှတ်နေလား။ ရေ၊ မီး၊ ဖုန်း၊ အင်တာနက် ၂၄ နာရီ။ ဒေါင်းချင်တိုင်းဒေါင်း ကောင်းမှကောင်း ကွန်နက်ရှင်နဲ့။ (နတ်တို့စံရာ တောင်တော်သာပေကိုး) ဖေ့စ်ဘုတ်ထဲ နင် ရေးထားတဲ့ ပေါက်တတ်ကရ အတွေးတွေကို ဟိုလူရှဲ ဒီလူရှဲနဲ့ ဗွက်ပေါက်နေတာ မသိပဲ ရှိပါ့မလား။ သောက်ညင်ကပ်လို့ မိတ်မဖွဲ့ ကွန်မန့်မပေးဘဲနေတာ။ ဆွဲစိလိုက်လို့ နှဲမိအနောက်က တန်းစီနေရမယ်။
ကျွန်ုပ် …. ကြောက်ပါတယ် ဆိုနေမှပဲ။ မရှင်းတာကလေးတခုတော့ မေးစမ်းပါရစေဦးဗျာ။ ဆရာကြီးရဲ့ အဆိုအမိန့်တွေ ထဲမှာ `ရွှေတွေငွေတွေ၊ ရာထူးဌာနန္တရတွေ ရှိတာ ကောင်းတော့ ကောင်းပါရဲ့။ ဒါပေမယ့် အဲဒါတွေ ရရှိပိုင်ဆိုင်လာခြင်း ဟာ မျှမျှတတ မှန်မှန်ကန်ကန်ဖြစ်ခြင်းဆိုတဲ့ သဘောမပါရင် ကျက်သရေမင်္ဂလာရှိတဲ့ ကောင်းကျိုးချမ်းသာလို့ မဆိုနိုင် ပေဘူး´ ဆိုတာကိုဖြင့် ခေတ်နဲ့ မလျှော်ညီတော့ဘူးလားလို့ သံသယဖြစ်မိပါတယ်။
ဆော့ခရိတ္တိ …. ဒီသူတောင်းစားလေးကတော့ သူ့ဘာသာရိုက်ချင်တာ ငါ့ဆီတုတ်လာငှားနေပြီ။ ဒီအကြောင်းတွေက နင် သိသလို ငါသိသလို လူတကာအသိဟဲ့။ သူတို့ဘာသာလည်း သိပြီးသား။ မသိနားမလည်လို့ မလိမ္မာတခါမိုက်တယ်ထင် ပြီး တရားပြချင်နေတာလား။ သိသိကြီးနဲ့ လုပ်တယ်ကွာ။ ဘာဖြစ်သေးလဲ။ မင်းလိုပဲ သီချင်းဆိုပြလိုက်မယ်။ `ချစ်လူမိုက် ချစ်လို့မိုက်ခဲ့တယ်…။ ချစ်လူမိုက် ချစ်လို့မိုက်ပါတယ် …။ ပြီးရော။
ကျွန်ုပ် …. သဘောရိုး အမှန်ပါခင်ဗျာ။ ဆရာကြီးရဲ့ အေသင်မြို့သူမြို့သားတွေအပေါ် နောက်ဆုံးဝေဖန်ချက် `ပညာ ဥာဏ်နဲ့ အင်အားကြံ့ခိုင်မှုမှာ ကမ္ဘာကျော်ပါလျက် ငွေ၊ ဂုဏ် နဲ့ နံမည်နောက်ကို ကောက်ကောက်ပါနေတာ ရှက်စရာ၊ သစ္စာတရား၊ နားလည်မှုနဲ့ စိတ်ဝိညာဉ်ပြည့်စုံမှုကို မေ့လျော့ထားတာ ရှက်စရာ´ ဆိုတာကလေးလည်း ရှင်းစမ်းပါဦး ခင်ဗျား။
ဆော့ခရိတ္တိ …. သူ့အရိုးနဲ့ သူ့ပြန်ထိုးရတယ်ဆိုတဲ့ဗျူဟာအတိုင်း မင်းနားလည်လွယ်အောင် မင်းတို့ဆရာဝန်တွေထဲက ဥပမာနဲ့ပဲ ရှင်းပြမယ်။ သေသေချာချာ နားထောင်။ မင်းတို့ဆရာဝန်တွေဟာ ပညာဥာဏ်တွေ အတတ်ပညာပိုင်းတွေမှာ နိုင်ငံတကာက ဘယ်သူနဲ့ ယှဉ်ယှဉ်၊ မညံ့တဲ့လူတော်ကြီးတွေ တပုံတပင်ရှိတယ်လေ။ သို့သော်ငြားလည်း သားတွေ သမီး တွေ အမေရိကားမှာ စင်္ကာပူမှာ ကျောင်းသွားထားဖို့ ပူတူတူးလေးကို အိမ်တစ်ဆောင်မီးတစ်ပြောင်နဲ့ထားဖို့၊ ဒီလောက မှာ ငါကလွဲရင် ဘယ်သူမှ တတ်တဲ့သူမရှိစေရဘူးလို့ အောင်လံထူနိုင်ဖို့အတွက်နဲ့ ဟစ်ပိုခရိတ္တိကြီးရဲ့ အဆုံးအမတွေနဲ့ မလျှော်ညီစွာ ကျင့်ကြံနေမိလို့ရှိရင် ရှက်စရာမကောင်းပါလား။ ကိုယ့်ဘာသာ စဉ်းစားကြည့်ပြီး သဘောပေါက်ရင် ပါးစပ် ပိတ်၊ တိတ်တိတ်နေတော့။ ငါ့တုန်းကတော့ ဒီစကားတစ်ခွန်းနဲ့တင် အပြစ်ရှိတယ်လို့ ပေးတဲ့မဲ ၂၈၀ ကျော် ရလိုက်ပါ သဗျား။ ဝေဖန်ရေးဆိုတာ ကိုယ်ကဝေဖန်ရရင်သာ ကောင်းတာ။ ကိုယ့်ကိုဝေဖန်ခံရရင် ဘယ်သူမှ မကြိုက်ကြဘူးကွဲ့။ မှတ်နော်။ မှတ်နော်။ မှတ်နော်။
ကျွန်ုပ် …. တခါဆို အိုအောင်မှတ်ပါ့မယ်ခင်ဗျာ။ နောက်ဆုံးမေးချင်တာတစ်ခုက ဆရာကြီးရဲ့ နောက်ဆုံးသြ၀ါဒထဲမှာ `ခွဲခွာရမည့်အချိန်ကား နီးလာချေပြီ။ ကိုယ့်လမ်းသို့ ကိုယ်စီ သွားရပေလိမ့်မည်။ ငါမူကား သေလမ်းသို့ သွားတော့အံ့။ သင်တပည့်တို့သည် ရှင်လမ်းသို့ သွားကြကုန်။ ရှင်လမ်း နှင့် သေလမ်း ဘယ်ဟာက သာ၍ကောင်းသည်ဆိုခြင်းကို ဘုရားသခင်တပါးတည်းသာ သိတော်မူပေလိမ့်မည်။” လို့ ဆိုခဲ့တယ်မဟုတ်လား။ အခုလောက်ဆို ဆရာကြီးဟာ ရှင် လမ်းရော သေလမ်းပါ နှစ်လမ်းလုံး လျှောက်ခဲ့ပြီးပြီမို့ အတွေ့အကြုံကလေးများ အမိန့်ရှိပါဦး ခင်ဗျား။
ဆော့ခရိတ္တိ …. ဒါကတော့ ဘယ်လိုရှင်နေသလဲ ဘယ်လိုသေသွားသလဲ ဆိုတဲ့အပေါ်မှာ မူတည်တာပေါ့ကွာ။ အနှစ်သာ ရမရှိတဲ့ ရှင်သန်ခြင်း၊ ပြည်သူအသိန်းအသောင်း အသင်္ချေရဲ့ အရိုးပုံပေါ်မှာ ရပ်တည်ရခြင်းဆိုရင်တော့ မင်းတို့ဆီက ဆီး ဘန်းနီဆရာတော် ရေးခဲ့တဲ့အတိုင်းနေလိမ့်မယ်။ ထန်းလျက်မြိုလို့ ချိုချင်ရင် လျှာဖျားကသာ ချိုနိုင်တော့မပေါ့ကွာ။ အကု သိုလ်စိတ်က ခြောက်လှန့်လာတဲ့အခါ အခေါဘဏီတပ်ကြီးရံထားပြီး ဘုံခုနှစ်ဆင့်ပေါ်တက်နေလည်း ဖိန့်ဖိန့်တုန်အောင် ကြောက်ကန်ကန်တတ်သေးတယ်။ ဒီလိုပဲ သေတဲ့အခါမှာလည်း သန်းခေါင်သန်းလွဲ ကာရာအိုကေမှာ အမုန်းဆွဲပြီး မူးမူး ရူးရူးနဲ့အပြန် သူများကို ကားနဲ့တိုက်ရင်းသေသွားတဲ့သူနဲ့ ဦးဝိစာရတို့ ဗိုလ်အောင်ကျော်တို့လို သေခြင်းမျိုးဟာ ဘယ်တန် ဖိုးချင်းတူပါ့မလဲ။ သေပြီးနောက် မျက်မှောက်ပြုရတဲ့ လားရာဂတိချင်းလည်း မတူနိုင်ဘူးဆိုတာ မင်းတို့ ဗုဒ္ဓဘာသာတွေ က ပိုသိဖို့ကောင်းတာပေါ့။ တဘ၀ချမ်းသာကို တစ်သံသရာလုံးဝဋ်ကျွေးနဲ့ လဲယူရတဲ့သူတွေလောက် မိုက်လုံးကြီးတာ ရှိဦးမလား။ အခုဆို ငါသေတာ နှစ်ပေါင်း နှစ်ထောင့်ငါးရာနီးလာပြီ။ ငါ့နံမယ် မင်းတို့ ကြားဖူးနေသေးတယ်။ မသေခင်မှာ ကလော်တုပ် အပုပ်ချဖို့ကလွဲလို့ နံမည်တောင် စကားထဲထည့်မပြောချင်လောက်အောင် ပြည်သူ့မေတ္တာခံယူနေတာ မမြင် ဖူးလို့လား။ ဦးဇင်းကျော်ဟိန်းလေသံနဲ့ ဆက်ဟောလိုက်မယ်။ သိချင်သေးလို့ .. မေးနေတာလား….။
ကျွန်ုပ် …. ရှင်းပါပြီ ဆရာကြီးရယ်။ ရှင်းပါပြီ။ အကွင်းအကွင်း မုန့်တီဟင်းလိုပါပဲ။ အမိုက်ခံပြီး ဇက်ကောင်းလို့ ဓါးတောင်း နေတာ မဟုတ်ရပါဘူး။ အနေလည်းတတ်၊ အသေလည်းမြတ်အောင် ဝေခွဲတတ်ကြပါစေကြောင်း သပ္ပုရိသအပေါင်းတို့ ကို ဆရာကြီးရဲ့ သြ၀ါဒကထာကလေးများ ပြန်လည်ဝေငှလိုခြင်းကြောင့် ကူးတို့ဆိပ်က မှို့အိပ်ဖွင့်လိုက်ရပါတယ်။ လေ တင်လေအောက် ကြားကြားသမျှ အမျှ အမျှ အမျှယူတော်မူကြကုန်။
လေချွန်နတ်   …. ၀ါး …. ဘာပြောသွားသေးတုန်း။
(ဟိုစဉ်အခါက ကိုရင်တာ၏ စတိုင်သစ်မဂ္ဂဇင်းလာ ဆိုခရိတ္တိ နှင့် နှစ်ပါးသွားခန်းကို ဖတ်အပြီး မနေနိုင်မထိုင်ဖြစ်လာပါ သဖြင့် ငွေမြိုင်ကို တုတ်နှင့်ထိုးမိပြန်ပါကြောင်း။)
Soe Min
(Soe Min ဖေ့စ်ဘွတ်မှ ကူးယူဖော်ပြပါတယ်)

No comments:

Post a Comment