Pages

Monday, August 29, 2011

ငါ၊ သူတပါး၊ အရိုင်းစိတ်နှင့် ဒါဝင်ဝါဒ

ငါ၊ သူတပါး၊ အရိုင်းစိတ်နှင့် ဒါဝင်ဝါဒ



(၁)
`တစ္ဆေ’အမည်ရှိ သင်္ဘောသည် ဆန်ဖရန်စစ္စကိုမြို့၏ ကမ်းလွန်ပင်လယ်ပြင်တွင် ရွက်လွှင့်၍နေသည်။ လေသည် ပြင်းပြင်းထန်ထန် တိုက်ခတ်၍နေ၏။ သင်္ဘောပဲ့ပိုင်းသည် တိမ်းစောင်း၍သွားသည်။ ရေများ ပဲ့ပိုင်းလက်ရန်းကို ကျော်ဖြတ်ပြီး ကုန်းပတ်ပေါ်အထိ ဝင်လာသည်။ `အလောင်းကောင်’ ပေါ်သို့ ရေများ ဖြတ်သွား၏။

`အသုဘအခမ်းအနား လုပ်ထုံးလုပ်စဉ်နဲ့ပတ်သက်ပြီး ငါတပိုင်းတစပဲ မှတ်မိတယ်။ ဒါကတော့ ရုပ်အလောင်းကို ပင်လယ်ထဲ ပစ်ချရမယ်ဆိုတဲ့ အပိုင်းပဲ၊ ဒါကြောင့် ပင်လယ်ထဲပစ်ချလိုက်တော့’

အလောင်းကောင်၏ ထိပ်မှရပ်၍ `တစ္ဆေ’ သင်္ဘောကပ္ပတိန် လာဆင်သည် ထိုသို့ပြောရင်း ဈာပန အခမ်းအနားအား ကျင်းပနေ၏။ စကားက ဤမျှနှင့်ရပ်သွား၍ အလောင်းထည့်ထားသော အိတ်ကို ကိုင်ထားသူများ အူကြောင်ကြောင် ဖြစ်နေကြသည်။

`ဟေ့ကောင်တွေ ဘာဖြစ်နေတာလဲ၊ ပစ်ချလိုက်ဆိုတာ မကြားဘူးလား’ ထိုသို့ ပင်လယ်ဝံပုလွေ (SeaWolf) အား ဂျက်လန်ဒန်သည် ပင်လယ်ပြင်သင်္ဘောပေါ်မှ ဈာပနအခမ်းအနား မြင်ကွင်းနှင့် ဖွင့်၏။

( ၂ )
Seawolf
စာအုပ်အမည်                               ပင်လယ်ဝံပုလွေ
စာရေးသူအမည်                           Jack London
ဘာသာပြန်သူအမည်                     ညွန့်ကြူး
ပုံနှိပ်မှတ်တမ်း                              ပထမအကြိမ် ၁၉၇၅
ဒုတိယအကြိမ်                              ၁၉၉၂
တတိယအကြိမ်                            ၂ဝဝဝ
ထုတ်ဝေသူ                                  လှကြိုင်၊ ဝ၂၃၃ လောကစာပေ၊
စာမူခွင့်ပြုချက်အမှတ်                     ၁ဝ၃၆/၉၉ (၁၂)
အုပ်ရေ                                       ၁ဝဝဝ
တန်ဖိုး                                        ၃ဝဝ ကျပ်

`ဂျက်’ အား ၁၈၇၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကယ်လီးဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့၌ မွေးဖွားခဲ့၏။ မိခင်က `ဖလော်ရာဝဲ(လ်)မင်း’ ဖြစ်သည်။ `ဖလော်ရာ’က စန္ဒရားဆရာမတဦးအဖြစ်နှင့် ဆန်ဖရန်စစ္စကိုမြို့တွင် တဦးတည်းနေ၏။ အိမ်းငှားနေထိုင်ရင်း အခန်းချင်းနီးကပ်သည့် အခန်းဖော် ပါမောက္ခချင်းနီနှင့် အနေနီးစပ်ကြ၏။ `ဖလော်ရာနှင့် ပါမောက္ခချင်းနီ’ တို့ ရောရောနှောနှော၊ ရင်းရင်းနှီးနှီး ဆက်ဆံနေထိုင်ရင်း ဂျက်အား သန္ဓေတည်ခဲ့ကြသည်။ ဖလော်ရာသည် ပေါ့ပေါ့ပါးပါး မဟုတ်တော့၊ ကိုယ်လေးလက်ဝန် ရှိလာလေပြီ။ ဤအရေးအတွက် ဖလော်ရာအတွက်ရှင်းရန် ထွေထွေထူးထူးမရှိ၊ ဤကိုယ်ဝန်မှာ ပါမောက္ခချင်းနီနှင့်ရခဲ့သည့် ကိုယ်ဝန်သာဖြစ်၍ ပါမောက္ခချင်းနီနှင့်တွေ့ပြီး ရှင်းပြ၍ သူတို့ တရားဝင်လက်ထပ်ကြရန်သာ။ ဤသို့ပင် ဖလော်ရာ ထင်ထားခဲ့၏။

သို့သော် ဖလော်ရာ ထင်ထားသကဲ့သို့ `ချင်းနီ’ နှင့် တွေ့ကြရာတွင် ဖြစ်မလာခဲ့။ `ချင်းနီ’ က သူနှင့်ရသော ကိုယ်ဝန်မဟုတ်ဟု ခါးခါးသီးသီးငြင်း၏၊ လက်မထပ်နိုင်။ အဖေအဖြစ် အဖော်မခံနိုင်ဟု ခေါင်းခါခါ၊ လည်ခါခါငြင်း၏။ အဆုံး၌ ဖလော်ရာသည် သူ့ကိုယ်သူ ပစ္စတိုသေနတ်နှင့်ပစ်၍ သေကြောင်းကြံခဲ့၏။ ကံကောင်း၍ သေလောက်သည့်ဒဏ်ရာ မရခဲ့။ ဤသို့နှင့် `ဂျက်’သည် လူဖြစ်လာခဲ့ရခြင်း ဖြစ်၏။ ထိုသတင်းသည် ထိုစဉ်က ဆန်ဖရန်စစ္စကိုမြို့ထုတ် `ခရောနီကယ်’ သတင်းစာကြီး၌ မျက်နှာဖုံးသတင်းတပုဒ် ဖြစ်ခဲ့ရ၏။

`ဖလော်ရာ’သည် `ဂျက်’ ကို မွေးဖွားခဲ့ပြီး မွေးစာရင်းတွင် သူမကိုယ်သူမ မစ္စစ်ဖလော်ရာချင်းနီနှင့် သူမ၏ သားငယ်အား `ဂျက်ချင်းနီ’ ဟူ၍ စာရင်းသွင်းခဲ့၏။ `ဂျက်’ ၈ လသားအရွယ်တွင် `ဖလော်ရာ’ သည် `ဂျွန်လန်ဒန်’ ဆိုသူနှင့် တရားဝင် အိမ်ထောင်ပြုလိုက်၏။ ဤတွင် မစ္စစ်ဖလော်ရာချင်းနီသည် မစ္စစ်ဖလော်ရာလန်ဒန်ဖြစ်ပြီး၊ `ဂျက်ချင်းနီ’ သည်လည်း `ဂျက်လန်ဒန်’ ဟူ၍ ဖြစ်ခဲ့ရတော့၏။  `ဂျက်လန်ဒန်’ လူဖြစ်ကြီးပြင်းခဲ့ရသည့် အချိန်ကာလက အမေရိကန်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်အတွင်း လူနေမှုစနစ်များ ဖောက်လွဲဖောက်ပြန်နှင့် ဝရုန်းသုန်းကား ဖြစ်ပွားနေသောကာလ။

`ဘဏ္ဍာအရင်း’ နှင့် `လုပ်အား’ တို့၏ ပဋိပက္ခသည် အထွတ်အထိပ်သို့ တတ်နေသည့်အချိန် ဆင်ဒီကိတ်၊ ထရပ်(စ်)၊ ကာတဲ(လ်)တို့က အမြတ်ရရေးတခုတည်းအပေါ် ကြည့်ပြီး အရာရာကို လည်မျိုညှစ်ဝါးမျိုနေသည့်ခေတ်။ သို့ဤသော လူမှုဒုက္ခဝဲဂယက်ကြီးအတွင်း ဂျက်လန်ဒန်တို့ မိသားစုသည်လည်း မြုပ်ချီပေါ်ချီနှင့် စီးမျော၍နေခဲ့ကြရမည်။

(၃)
ဥက္ကလန်ဆိမ်ကမ်း၊ ဥက္ကလန်ဆိမ်ကမ်းက `ဂျက်’ ကျောင်းသားဘဝ အထီးကျန် ဝံပုလွေငယ်တကောင်အဖြစ်နှင့် ရှိစဉ်ကပင် ရောက်ခဲ့ကျင်လည်ခဲ့ဖူးသည့် နေရာ။ ဂျက်အတွက် မစိမ်း။ ဥက္ကလန်ဆိပ်ကမ်းက လူပေါင်းစုံ၏ ဝေလငါးဖမ်းသည့် ရေမုဆိုးကြီးများ ပင်လယ်ဓားပြများ၊ ဘိန်းကုန်သည်များ၊ ပင်လယ်ကူးသင်္ဘောသားများ၊ တံငါးသည်များ၊ ငါးသူခိုးများ ပြည်တန်ဆာများ ရှုပ်သည်၊ ပွေသည်၊ ရက်စက်သည်၊ ကောက်ကျစ်သည်၊ ဥပဒေအပြင်မှ စီးပွားရှာစားကြသည့် သူတို့ ကျက်စားရာ စားကျက်၊ တောနက်ကြီး၏ သားရဲတွင်း။

ဤစားကျက် သားရဲတွင်းသို့ ဂျက်သည် ၁ဝ နှစ်သား အရွယ်ကတည်းက ရောက်ခဲ့ ခိုသီခဲ့ဖူး၏။ ဥက္ကလန်ဆိပ်ကမ်းတွင် `ဂျက်’ အတွက် အလုပ်က အဆင်သင့်၊ အလုပ်က ဆန်ဖရန်စစ္စကို ကမ်းလွန်ပင်လယ်အတွင်း `ကမာ’ ခိုးဖမ်းသည့် အလုပ်။

ဤသို့နှင့် ဂျက်သည် ဥက္ကလန်ကမ်းခြေနှင့် ဆန်ဖရန်စစ္စကို ကမ်းလွန်ပင်လယ်ပြင်တွင် ကျင်လည်ရင်း ပင်လယ်ဝံပုလွေတကောင် ဖြစ်လာခဲ့တော့၏။ ပင်လယ်ပြင်လှိုင်းလေအကြား ရွက်လွှင့်ရင်း စီးချင်းထိုးလား ထိုး၏။ ကမ်းခြေစောင့်ရဲနှင့်ပေါင်း၍ ဓားပြဂိုဏ်များအား ဖမ်းလား ဖမ်းခဲ့၏။ နောက် `ဆူသာလင်’ အမည်ရှိ ငါးဖမ်းသဘောင်္တွင် သဘောင်္သားအဖြစ်နှင့် တောင်တရုတ်ပင်လယ်ပြင်သို့ ထွက်ခဲ့ပြန်လေ၏။ ပစိဖိတ်သမုဒ္ဒရာအတွင်း ပင်လယ်ပြင်၌ သဘာဝအရိုင်းနှင့် အသက်လုတိုက်ပွဲများ ထိုထိုသော ဘဝဖြတ်သန်းမှုများဖြင့် သူသည် ပင်လယ်ဝံပုလွေအား ရေးခဲ့၏။

ပင်လယ်ဝံပုလွေအား ၁၉ဝ၄ ခုနှစ်တွင် စတင်ထုတ်ဝေ၏။ နောက်ပိုင်း ဒုတိယအကြိမ်၊ တတိယအကြိမ်၊ အကြိမ်ကြိမ် ထုတ်ဝေခဲ့ရ၏။ ပင်လယ်ဝံပုလွေနှင့် ဂျက်လန်ဒန်သည် အမေရိကန်ဒေါ်လာ သိန်းချီ၍ ရခဲ့၏။

(၄)
ဂျက်လန်ဒန်၏ ပင်လယ်ဝံပုလွေအား ၁၉၅ဝ ပြည့်လွန်နှစ်များက ဆရာမိုးဝေမှ ဘာသာပြန်ခဲ့ဖူး၏။ Sea Wolf တွင် အခန်း ၃၉ ခန်း ရှိသည့်အနက် အခန်း ၂၂ ခန်းအား ဆရာမိုးဝေမှ ဘာသာပြန်ခဲ့ပြီး ပထမအတွဲအဖြစ် ထုတ်ဝေခဲ့၏။ ကျန်သည့် ၁၉ ခန်းအား ဒုတိယအတွဲအနေဖြင့် ထုတ်ရန် စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယနေ့ထိ ထွက်မလာခဲ့။

ဆရာညွန့်ကြူးက မိုးဝေမဂ္ဂင်းဇင်းတွင်ပင် ဂျက်လန်ဒန်၏ Sea Wolf အား အခန်းဆက်ဘာသာပြန် ဝတ္ထုရှည်အဖြစ် ဖော်ပြခဲ့သည်။ ၁၉၇၅ ခုနှစ်တွင်မူ ပင်လယ်ဝံပုလွေအား လုံးချင်းဘာသာပြန် ဝတ္ထုအဖြစ် ပထမအကြိမ် ထုတ်ဝေခဲ့၏။ ဆရာညွန့်ကြူး ဘာသာပြန်ခဲ့သည့် ပင်လယ်ဝံပုလွေသည်ပင် ၁၉၉၂ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂ဝဝဝ ပြည့်နှစ်တွင် တတိယအကြိမ်နှင့် ၃ ကြိမ် ထုတ်ဝေခဲ့ရသည်။

(၅)
ပင်လယ်ဝံပုလွေတွင် အဓိကဇာတ်ကောင် ၃ ဦး ရှိ၏။ `တစ္ဆေ’ သင်္ဘောကပ္ပတိန် `ဝံပုလွေလာဆင်’၊ စာပေအနုပညာရှင် `ဟမ်းဖရီဗင်ဝေဒင်’ နှင့် စာရေးဆရာမ `မစ္စမော့ဒ်ဗရူးစတား’ တို့ ဖြစ်သည်။

ဝံပုလွေလာဆင်၏ တစ္ဆေသင်္ဘောသည် ဖျံဖမ်းရန်အတွက် ဆန်ဖရန်စ္စကို ကမ်းခြေမှ၊ ဂျပန်ကမ်းလွန် ပင်လယ်ပြင်သို့ ရွက်လွှင့်လာခဲ့၏။ အကြောင်းအမျိုးမျိုးကြောင့် သင်္ဘောပျက်ခဲ့ကြပြီး ပင်လယ်အတွင်း မျောနေကြရာမှ `ဟမ်းဖရီးဗင်ဝေဒင်’ နှင့် `မစ္စမော့ဒ်ဗရူးစတား’ တို့ `တစ္ဆေ’ သဘောင်္ပေါ်သို့ အသီးသီး ရောက်လာခဲ့ကြ၏။ အတူတူ တချိန်တည်း ရောက်ခဲ့ခြင်းမျိုး မဟုတ်။ တကွဲတပြားစီ၊ တနေရာစီခွဲပြီး တစ္ဆေပေါ်သို့ ရောက်ခဲ့ကြခြင်း ဖြစ်၏။ သူတို့ ၂ ဦးက အမေရိကန် စာပေလောကမှ စာပေအနုပညာရှင်များ ဖြစ်ကြ၍ တဦး၏ အမည်ကို၊ တဦးက သိထား၊ ကြားဖူးထားကြ၏။ တစ္ဆေသဘောင်္ပေါ်ရောက်မှပင် သူတို့ လူချင်းဆုံမိကြ၏။

ဇာတ်ကောင် ၃ ဦးတွင် ဝံပုလွေလာဆင်က အဓိက ပိုကျသည်။ သူသည်ပင် ပင်လယ်ဝံပုလွေဟု ဆိုရမည်။ တောင်တရုတ်ပင်လယ်ပြင်အတွင်း သဘာဝအရိုင်းအစိုင်းနှင့် လူသားတို့၏ အားပြိုင်မှု တိုက်ပွဲများ၊ ဖျံဖမ်းသင်္ဘောအချင်းချင်း စီးချင်းထိုးမှုများ၊ တစ္ဆေသင်္ဘောပေါ်တွင် ဝံပုလွေလာဆင်နှင့် သင်္ဘောသားတို့၏ သတ်ပွဲ၊ သဘောင်္သားအချင်းချင်းကြား ရန်ပွဲများနှင့် ဂျက်လန်ဒန်သည် ပင်လယ်ဝံပုလွေအား အကြမ်းထယ် စုတ်ချက် ခြယ်ထား၏။ အမှန်တွင်မူ ပင်လယ်ဝံပုလွေက လူတို့၏ ဒဿနဆိုင်ရာ တွေးခေါ်မျှော်မြင်မှုအား စစ်ကြောထားခြင်း ဖြစ်၏။ ဦးနှောက်အား ဆွထားသော ဝတ္ထုတပုဒ်ဟု ပင်ဆိုရမည်။

(၆)
တစ္ဆေသင်္ဘောပေါ်ရှိ တည်မြဲသော သစ္စာတရားက အားသည်သာ အမှန်တရားဖြစ်၏။ ဥပဒေက တောရိုင်းကြီး ဥပဒေသည်သာ အမှန်တရားဟူသည့် သစ္စာတရားထွန်းကားရာ တောရိုင်းကြီး ဥပဒေသတို့ စိုးမိုးသက်ဝင်ရာ တစ္ဆေသင်္ဘော၌ `လာဆင်’ သည် အင်အားအကြီးဆုံး အာဏာရှင်၊ အရှင်သခင်၊ သူကား ကြမ်းတမ်း၏ ရက်စက်၏ ဤသို့ကြမ်းတမ်းရက်စက်နိုင်ရန်လည်း တောရိုင်းတိရစ္ဆာန် တစ်ကောင်အလား ခွန်အားက ရှိ၏၊ ဖြတ်လတ်သန်စွမ်းမှုက ရှိ၏။

ဤသို့သော `လာဆင်’ သည် `တစ္ဆေ’ သင်္ဘောနှင့် ပင်လယ်ဖျံများ ဖမ်းရန် ရွက်လွှင့်သွားသည့် ခရီးကြမ်း၌ သူ့အိပ်ခန်းအတွင်း စာအုပ်များအား စင်နှင့်အပြည့် ယူ၍သွားသည်။ ရှိတ်စပီးယား၊ တန်နီဆင်၊ အက်ဂါအယ်လင်ပိုး၊ ဒါဝင်၊ တိုင်းဒေါ၊ ဘားနဒ်ရှော၊ ရောဘတ်ဗရောင်းနင်း စသည့် ဂန္တဝင်စာပေ၊ သိပ္ပံပညာစာပေ၊ ကဗျာတို့ကား သူ၏ စာအုပ်စင်၌ ရှိ၏။ ထိုထိုသော စာများကိုလည်း သူသည် ကြေကြေညက်ညက် ဖတ်ထား၏။ သူကားစာပေမှ ဒဿနနှင့် လက်တွေ့ဘဝမှ အသိတို့အား ပေါင်းရုံး၍ ကိုယ်ပိုင်ဘဝအဓိပ္ပာယ် ရှာနေသူ၊ ကျင့်ကြံနေသူ။

“ငါယုံတာက ဘဝဆိုတာ စီကာစဉ်ကာ ရှိတာမျိုးမဟုတ်ဘဲ အမယ်ဘုတ်ချည်ခင်လို ရှုပ်နေတာပဲ။ အဓိပ္ပာယ်လည်း မရှိဘူး၊ ဒါပေမဲ့ ဘဝဆိုတာ ရွေ့လျားခြင်းတမျိုးပဲ။ တမိနစ်၊ တနာရီ၊ တနှစ်၊ ဒါမှမဟုတ် အနှစ်တရာ၊ တထောင်ကျအောင် ရွေ့လျားကောင်း ရွေ့လျားမယ်။ သတ္တဝါကြီးတွေဟာ သူတို့ရွေ့လျားနိုင်အောင် သတ္တဝါငယ်လေးတွေကို စားသောက်နိုင်မယ်။ အားကြီးတဲ့ သတ္တဝါဟာ သူတို့ခွန်အား တောင့်တင်းဖို့အတွက် အားငယ်တဲ့ သတ္တဝါတွေကို စားတယ်။ ကံကောင်းတဲ့သူက အများဆုံးစားရပြီး အဝေးဆုံး၊ အကြာဆုံး ရွေ့လျားနိုင်တယ်။ ဘဝဆိုတာ ဒါပဲ” ဝံပုလွေလာဆင် (ပင်လယ်ဝံပုလွေ၊ စာမျက်နှာ, ၅ဝ မှ)

“ခန္ဓာကိုယ်ဟာ အသုံးချဖို့ ဖြစ်လာတာပဲ။ ဟောဒီ ကြွက်သားတွေဟာ မိမိရရ ဆုပ်ကိုင်ဖို့၊ ဆွဲဖြဲဖို့၊ ငါနဲ့ ငါ့ဘဝအကြားမှာ ကန့်လန့်ခံနေတဲ့ အသက်ရှင်နေသူတွေကို ချေမှုန်းဖို့၊ ဒါပဲ၊ ဒါပဲ။ ဒီ့ပြင် အသက်ရှင်နေတဲ့ သူတွေမှာလည်း ခန္ဓာကိုယ်တွေ၊ ကြွက်သားစိုင်တွေ၊ မရှိဘူးလားလို့ မေးစရာရှိတယ်။ သူတို့မှာလည်း ရှိတာပဲ။ သူတို့ရဲ့ ကြွက်သားစိုင်တွေဟာလည်း အမိအရ ဆုပ်ကိုင်ဖို့ ဆွဲဖြဲဖို့၊ ချေမှုန်းဖို့ပဲ။ ဒါပေမဲ့ အဲဒီလူတွေဟာ ငါနဲ့ ငါ့ဘဝအကြားမှာ ကန့်လန့်ခံနေရင် ငါဟာ သူတို့ဆုပ်ကိုင်တာထက် ဆွဲဖြဲတာထက်၊ ချေမှုန်းတာထက် ပိုပြီးဆုပ်ကိုင်၊ ဆွဲဖြဲချေမှုန်းနိုင်တယ်။ ဒါကြောင့် ခန္ဓာကိုယ် သန်စွမ်းကြံ့ခိုင်တာဟာ အကြောင်းရှိမှုကြောင့် ဆိုတာထက် အသုံးဝင်မှုကြောင့်လို့ ဆိုချင်တယ်” ဝံပုလွေလာဆင် (ပင်လယ်ဝံပုလွေ၊ စာမျက်နှာ, ၁၂၇ မှ)

“ကျုပ် တခါတခါ သံသယဖြစ်မိတယ်။ ဆင်ခြင်တုံတရားဟာ ဘယ်လောက်အဖိုးတန်သလဲဆိုတဲ့ အချက်ကိုပါ။ အိပ်မက်မက်နေတာဟာ တန်ဖိုးများ ပိုရှိနေမလားဘဲ။ ဆင်ခြင်တုံတရားက ပေါက်ဖွားလာတဲ့ နှစ်သက်မှုထက် စိတ်လှုပ်ရှားမှုက ရတဲ့နှစ်သက်မှုဟာ ပိုရှည်ကြာတယ်။ ဒါကြောင့် ကျုပ် ခင်ဗျားတို့ကိုကြည့်ပြီး မနာလိုဝန်တို ဖြစ်မိပါရဲ့။ အရက်မူးနေတဲ့ သူတယောက်က တခြား အရက်မူးနေသူ တယောက်ကို ကြည့်ပြီး ငါလည်း သူ့လို မူးချင်လိုက်တာဆိုတဲ့ မနာလိုမှုမျိုး ဖြစ်နေမလားပဲ” ဝံပုလွေလာဆင် (ပင်လယ်ဝံပုလွေ၊ စာမျက်နှာ, ၁၈၆ မှ)

(၇)
ဂျက်လန်ဒန်သည် ပင်လယ်ဝံပုလွေ၏ ဇာတ်ကောင် ဝံပုလွေလာဆင်အား အဆုံးတွင် သေဆုံးစေခဲ့၏။ ဝံပုလွေလာဆင်သည် အရှုံးများအား အံတုရင်း၊ တွန်းလှန်တိုက်ခိုက်ရင်း တဆင့်ပြီးတဆင့် ဆုံးရှုံးခဲ့ရသည်။

ဂျပန်ကမ်းလွန်တွင် ပင်လယ်ဖျံများအား ဖမ်းရင်း သူ့အကို `သေမင်းလာဆင်’ ၏ `မာစီဒိုးနီးယား’ သင်္ဘောနှင့် ပင်လယ်အတွင်း စီးချင်းထိုးကြ၏။ သူရှုံးခဲ့ရပြီး သူ့သင်္ဘောသားများအားလုံး `သေမင်းလာဆင်’ ထံသို့ ပါသွားကြ၏။ သူကား ရွက်တိုင်ကြိုးများ ဖျက်ဆီးခံထားရသည့် `တစ္ဆေ’ သင်္ဘောနှင့် ပင်လယ်အတွင်း တဦးတည်း မျောချင်ရာသို့ မျောနေခဲ့၏။

ရွက်ထိန်း၍မရ၊ ပဲ့ကိုင်၍မရ၊ လှိုင်းနှင့်လေ၏ သယ်ရာသို့ တစ္ဆေသင်္ဘော ကပ္ပတိန်လာဆင်သည် ဦးတည်ရာမဲ့ လေလွင့်နေရသည်။ အခြေအနေက သဘာဝတရားအား အံမတုနိုင်တော့။

တပြိုင်တည်းတွင် ဦးနှောက်ကင်ဆာရောဂါက ဝံပုလွေလာဆင်ကို အတွင်းမှ တိုက်ခိုက်လာပြန်၏။ အမြင်အာရုံကြောက ပြတ်တောက်၍သွားပြီ။ ဝံပုလွေလာဆင် မျက်စိမမြင်တော့။ ကင်ဆာက ဝံပုလွေလာဆင်အား တဆင့်ပြီးတဆင့် တိုး၍တိုက်ခိုက်၏။ ခန္ဓာကိုယ်တခြမ်း သေသွား၏။ စကားပြော၍ မရတော့။ ကင်ဆာက ဝံပုလွေလာဆင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအား တခုပြီးတခု ဦးနှောက်အာရုံကြောနှင့် ဖြတ်တောက်ပစ်၍ နေသည်။ နောက်ဆုံးခန္ဓာ၌ အသက်ဝိဉာဉ်လေးသာ ကျန်တော့၏။ အင်အားသည်သာ အမှန်တရား၊ မိမိရှင်သန်ရေးအတွက် ဟန့်တားနှောင့်ယှက်မှု မှန်သမျှအား အင်အားသုံး၍ ချေမှုန်းတိုက်ခိုက်ရမည် ဟူသည့် ဝံပုလွေလာဆင်အား ဂျက်သည် ဤသို့ နိဂုံးချုပ်ပေးလိုက်၏။

အနားသတ်က `လှ’ ၏။ ပြီးလျှင် စဉ်းစားတွေးခေါ်စရာများနှင့် `ယဉ်’ ၏။ စာအုပ်အား ဂျက်ရေးခဲ့သည့် နှစ်ကာလက ၁၉ဝ၃၊ ၁၉ဝ၄ ခုနှစ်၊ ထိုခေတ် လူ့အဖွဲ့အစည်း၏ တွေးခေါ်မျှော်မြင်မှုများအား ပင်လယ်ဝံပုလွေတွင် တူးဆွကြည့်ခွင့်ရ၏။

(၈)
၁၉၁၆ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဂျက်လန်ဒန် ကွယ်လွန်ခဲ့၏။ ကွယ်လွန်ခဲ့သည် ဆိုသော်လည်း သူ့ကိုယ်သူ သတ်သေခဲ့ခြင်း ဖြစ်၏။ မော်ဖင်းနှင့် အစထရိုဖင်း ဆေးများအား သောက်၍ သူ့ဘဝ သူ့ဇာတ်အား သူ့ဘာသာသူ သိမ်းပစ်ခဲ့ခြင်း။

ဆန်ဖရန်စစ္စကိုမြို့ရှိ ဝတ်ကျောင်းတခုအတွင်း ဂျက်လန်ဒန်၏ ရုပ်အလောင်းအား သရဏဂုံတင်၏။ တိတ်တိတ်ဆိတ်ဆိတ်၊ ငြိမ်ငြိမ်သက်သက်၊ ခြောက်ခြောက်ကပ်ကပ်။ သရဏဂုံတင်ပေးသည့် ဘုန်းတော်ကြီးတပါး၊ မိခင်၊ ဇနီးနှင့် သမီးငယ် ၂ ဦး။ ပြီးလျှင် ပထွေးဘက်မှပါသည့် အမကြီး၊ ဤမျှသာ။ ဂျက်လန်ဒန်ကား သူ့ဈာပနနှင့်ပတ်သက်၍ သူ့အမကြီးအား မှာခဲ့၏။ `သူသေသည့်အခါ သူ့အလောင်းကို ပြာချပြီး သူ့ခြံထဲမှာပင် မြှုပ်နှံပေးပါ´

ဂျက်လန်ဒန်က ကွယ်လွန်ခဲ့လေပြီ။ သူကွယ်လွန်ခဲ့သည်မှာ ၉၃ နှစ်ကျော်ခဲ့ပြီ။ သို့သော် သူရေးခဲ့သည့် စာများက ယနေ့တိုင် ကျနော်တို့ စွဲစွဲမြဲမြဲ ဖတ်နေကြရဆဲ။ တခုတ်တရ သိမ်းထားကြရမြဲ။ နှင်းကမ္ဘာ၏ သမီးပျို၊ အရှင်လတ်လတ် ငရဲကျနေကြရသူများ၊ အရိုင်း၏ ခေါ်သံ၊ ပင်လယ်ဝံပုလွေ၊ သံဖနောင့်၊ ဂျွန်ဘာလီကွန်း (သို့မဟုတ်) အရက်သမားတဦး၏ မှတ်တမ်း စသည့် စသည့် စာအုပ်များ ရေးခဲ့သည့် အမေရိကန်ပြည်မှ ကလောင်နီဟု ဝိဂြိုဟ်ပြုရမည့် သတင်းစာဆရာ၊ စာရေးဆရာကြီး ဂျက်လန်ဒန်။ သူသည်ပင် သူ၏ ပင်လယ်ဝံပုလွေမှ ဝံပုလွေ လာဆင် ဖြစ်၍နေလေ၏။


မင်းဆွေသစ် | တနင်္လာနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၃၁ မိနစ် 

ရှင်သန်နေဆဲ သုခမြို့တော် ပုံရိပ်များ


ရှင်သန်နေဆဲ သုခမြို့တော် ပုံရိပ်များ


၁၉၀၀ ပြည့်နှစ် ကာလတွေတုန်းက အင်္ဂလိပ်ကိုလိုနီအစိုးရ ရုံးစိုက်ရာ မြို့တော်တခုဖြစ်ခဲ့တဲ့ ကာလ်ကတ္တားမြို့ထဲကို ရောက်လိုက်တာနဲ့ အဲဒီခေတ်ကာလ ကတည်းက ရှိခဲ့တဲ့ အဆောက်အအုံ ဟောင်းတွေက ဆီးကြိုနေပြီး သံချေးတွေ အထပ်ထပ်နဲ့ အိုဟောင်းနေတဲ့ ဓာတ်ရထားတွေ၊ လန်ချားတွေဟာလည်း ဟိုးအရင် ကိုလိုနီခေတ်တုန်းကအတိုင်း ရှိနေဆဲ၊ အသုံးပြုနေကြဆဲမို့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က ဓာတ်ပုံအဟောင်းပုံကြီးထဲကို ကိုယ်တိုင်ရောက်သွားသလို ခံစား လိုက်ရပါတယ်။

ThuKhaMyoDaw-01အနောက်ဘန်ဂေါလ်ပြည်နယ် အစိုးရက ကာလ်ကတ္တားမြို့ရဲ့ ကိုလိုနီခေတ်က ကျန်ရစ်တဲ့ အဆောက်အအုံအဟောင်းတွေ၊ သမိုင်းဝင် အဆောက်အအုံတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းထားသလို လန်ချားနဲ့ ဓာတ်ရထားတွေကိုလည်း ဆက်လက် ပြေးဆွဲခိုင်းနေဆဲပါ။ ကာလ်ကတ္တားဟာ အိန္ဒိယနိုင်ငံရဲ့ တခုတည်းသော ဓာတ်ရထားပြေးဆွဲနေဆဲ မြို့တမြို့ ဖြစ်ပါတယ်။

ထည်ဝါခမ်းနားတဲ့ ဝိတိုရိယဘုရင်မ အထိမ်းအမှတ် အဆောက်အအုံရဲ့ တဘက်မှာတော့ ဓာတ်ရထား၊ တက္ကစီ၊ ဘတ်စ်ကား စတဲ့ ယာဉ်ပေါင်းစုံပြည့်ညပ်နေတဲ့ ၂ လမ်းသွားသာသာ ကားလမ်းတွေ၊ ခေတ်ပေါ် အဆောက်အအုံတွေရဲ့အောက်ခြေ လမ်းဘေးဝဲယာ ပလက်ဖောင်းပေါ်က ဈေးသည်တွေ၊ အရောင်အသွေးစုံ ခရီးသွားတွေ၊ ပလက်ဖောင်းနားက ရေဘုံဘိုင်မှာ ရေချိုးနေသူတွေနဲ့ ကာလ်ကတ္တားရဲ့ တနေ့တာက ခေတ်ဟောင်းနဲ့ ခေတ်သစ် ဒွန်တွဲလှုပ်ရှား သက်ဝင်နေသလိုပါ။

တဘက်မှာလည်း စီးပွားရေးအချက်အခြာ မြို့တခုရဲ့ အင်္ဂါရပ်နဲ့အညီ မြေအောက်ရထား၊ အထပ်မြင့် အဆောက်အအုံတွေနဲ့ မြို့သစ်ချဲ့ထွင်လာတာတွေ၊ အဆင့်မြင့် နိုင်ငံတကာလေဆိပ် တည်ဆောက်မှုတွေကလည်း ခေတ်မီမြို့ကြီးတမြို့အဖြစ် တရိပ်ရိပ် ပုံသွင်းလို့နေပါတယ်။

တိုးတက်ဖွံ့ဖြိုးမှုရဲ့ နောက်ဆက်တွဲ ပါလာလေ့ရှိတဲ့ လေထုပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ယာဉ်ကြောပိတ်ဆို့မှု တွေနဲ့အတူ ပလတ်စတစ် အပိုင်းအစ၊ ကတ်ထူစက္ကူ၊ အ၀တ်အပိုင်းအစတွေနဲ့ ဆောက်ထားတဲ့ အခြေအနေမဲ့တွေရဲ့ လူတယောက် အိပ်သာရုံ တဲလေးတွေဟာ လမ်းထောင့်တွေမှာ၊ လမ်းကြိုလမ်းကြားတွေမှာ ဖရိုဖရဲရှိနေပြီး တဲကလေးတွေရဲ့ အထဲနဲ့ အပြင်ဘက်မှာတော့ ဖိနပ်မပါ၊ ဘောင်းဘီမပါ ပြေးဆော့နေတဲ့ ညိုညစ်ညစ် ကလေးတွေ၊ ဆီမရှိ နီကြန်နေတဲ့ဆံပင်တွေထဲက သန်းအပြန်အလှန် ရှာပေးနေတဲ့ အမျိုးသမီးတွေ၊ တဲအ၀မှာထိုင်ရင်း လမ်းသွားလမ်းလာတွေကို ငေးနေတဲ့ အဘိုး၊ အဘွား တွေကိုလည်း တွေ့ရပါတယ်။

ဟာဝ်ရီမြစ်ရဲ့ အရှေ့ဘက်ကမ်းနဖူးမှာရှိတဲ့ ကာလ်ကတ္တားမြို့ခံတွေဟာ တခြား အိန္ဒိယမြို့တော်တွေက မြို့ခံတွေနဲ့မတူ ကြဘဲ အင်္ဂလိပ် အနွယ်ဝင်တွေ၊ အင်္ဂလို - အင်ဒီယန်းတွေ၊ အာမေးနီးယားနဲ့ ဂရိအနွယ်ဝင်တွေ၊ တရုတ်အနွယ်ဝင်တွေ ရောယှက် ရှုပ်ထွေးလွန်းလို့ လူရောင်စုံရှိတဲ့မြို့လို့ တချို့က တင်စား ခေါ်ဆိုကြပါတယ်။ ဒီလူမျိုးစုတွေထဲက ကာလ်ကတ္တားမှာ အခြေချ နေထိုင်တဲ့ တရုတ်လူမျိုးဟာ အနည်းဆုံး ၅ ထောင်ကနေ အများဆုံး ၂ သိန်းအထိ ရှိတယ်လို့ ဆိုပါတယ်။

ThuKhaMyoDaw-02မြို့ရဲ့ အထင်ကရ တရုတ်တန်းလို့ခေါ်တဲ့ တန်ဂရာ အရပ်မှာနေတဲ့ တရုတ်လူမျိုးတွေ အရင်က ၂ သောင်းကျော်အထိ ရှိခဲ့ပြီး စားသောက်ဆိုင်လုပ်ငန်းနဲ့ သားရေနယ်၊ သားရေအရောင်တင် စတဲ့လုပ်ငန်းတွေကို အဓိကထားလုပ်ကိုင်ကြပါတယ်။ တရုတ်တွေရဲ့ သားရေလုပ်ငန်း တစတစ ကြီးထွားအောင်မြင်လာချိန်မှာတော့ တရုတ်လူမျိုးတွေ ရွှေ့ပြောင်း အခြေချလာမှု တိုးပွားလာတာကို ကာကွယ်တဲ့အနေနဲ့ ဒေသခံအာဏာပိုင်တွေက ၂၀၀၀ ပြည့်နှစ်မှာ သားရေနယ် လုပ်ငန်းတွေကို မြို့အရှေ့ဘက် ဘန်တလာဆိုတဲ့နေရာကို ပြောင်းလိုက်ပြီး သားရေလုပ်ငန်း အများစုကိုလည်း ဒေသခံ တိုင်းရင်းသားတွေကိုပဲ ပိုင်ဆိုင် စေခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ရေကြည်ရာ မြက်နုရာကို ရွှေ့ပြောင်းကုန်ကြတာကြောင့် တန်ဂရာမှာ စားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်လူမျိုး ၂ ထောင်ဝန်းကျင်ပဲ ကျန်ရစ်တော့တယ်လို့ ဆိုပါတယ်။

ဘာသာစကား အခက်အခဲတချို့ ရှိနေပေမယ့် နေထိုင်စားသောက်စရိတ် ချိုသာတာ၊ စီးပွားရေး အဆင်ပြေနေတာတွေနဲ့ ဒီနိုင်ငံသား ဖြစ်နေပြီမို့ ဒီမြို့လေးမှာ နေရတာ ပျော်တယ်၊ စိတ်ချမ်းသာတယ်လို့ တရုတ်အမျိုးသားတွေက ဆိုကြပါတယ်။

“တရုတ်နိုင်ငံမှာ လိုတာအကုန် ၀ယ်ရနိုင်တယ်၊ ဒီမှာထက် သန့်ရှင်းသပ်ရပ်တယ်။ ဒါပေမယ့် ကျနော့်သားသမီးတွေအတွက် ပညာရေးက၊ အထူးသဖြင့် အင်္ဂလိပ်စာတတ်ဖို့က တရုတ်နိုင်ငံထက် ဒီမှာပိုကောင်းတာရယ်၊ စီးပွားရေးကလည်း ဒီမှာ အောင်မြင် နေတော့ ကျနော်ဒီမှာပဲ နေချင်တယ်” လို့ အိန္ဒိယနိုင်ငံသား ဖြစ်နေတဲ့ တရုတ်အမျိုးသား မိုက်ကယ်လ်က ပြောပါတယ်။

တရုတ် စားသောက်ဆိုင်ဖွင့်ထားတဲ့ သူ့ရဲ့ အဘိုးအဘွားတွေ လက်ထက်ကတည်းက ကာလ်ကတ္တားမှာ အခြေချ နေလာကြတာဟာ အခုဆိုရင် မျိုးဆက် ၃ ဆက်အထိ ရှိနေပြီး သူဟာလည်း ကာလ်ကတ္တားမှာပဲ မွေးဖွားကြီးပြင်းခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့သားသမီးတွေဟာ အခုဆိုရင် ကာလ်ကတ္တား တက္ကသိုလ်မှာ ပညာသင်နေကြပါတယ်။

မိုက်ကယ်လ်လို တရုတ်လူမျိုးတွေ ကာလ်ကတ္တားမှာ အခြေချနေထိုင်နေကြသလို မြန်မာနိုင်ငံကနေ အိန္ဒိယကို ပြန်လာ အခြေချနေထိုင်ကြတဲ့ မြန်မာနိုင်ငံဖွား အိန္ဒိယတိုင်းသား တွေဟာလည်း ကာလ်ကတ္တားမှာ အများအပြား ရှိကြပါတယ်။

သူတို့တွေထဲက အများစုကတော့ ကွယ်လွန်သူ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းယူတဲ့ ၁၉၆၂ ခုနှစ်မှာ ကိုလိုနီခေတ် လက်ကျန် အိန္ဒိယတိုင်းသားတွေကို မြန်မာပြည်ထဲကနေ နှင်ထုတ်ချိန်တုန်းက တိမ်းရှောင်လာတဲ့ သူတွေရဲ့ မျိုးဆက်တွေဖြစ်ပါတယ်။

ThuKhaMyoDaw-03တချို့ကလည်း မြန်မာနိုင်ငံမှာ ကျန်နေခဲ့ရာက နိုင်ငံသားလက်မှတ်နဲ့ တရားဝင် နေထိုင်ခွင့်မရတာတွေ၊ ခရီးသွားလာခွင့် မရတာတွေ၊ လူမျိုးရေးဖိနှိပ်မှုတွေကြောင့် အိန္ဒိယနိုင်ငံကို ပြန်လာပြီး အခြေချနေ သူတွေဖြစ်ပါတယ်။ ရောက်စတုန်းက ဒေသခံတွေနဲ့ ပေါင်းသင်းဆက်ဆံရေးအခက်အခဲ၊ ဘာသာစကားအခက်အခဲတွေ ရှိခဲ့ပေမယ့် ဒီအဆင်မပြေမှုတွေကို ကျော်လွန်နိုင်ခဲ့တယ်၊ ဒီမြို့မှာ နေရတာ လွတ်လပ်ငြိမ်းချမ်းတယ်လို့ ဆိုပါတယ်။

၁၉၈၄ ခုနှစ်မှာ မိသားစုလိုက် ရန်ကုန်ကနေ ကာလ်ကတ္တားကို ပြောင်းလာကြပြီး စားသောက်ကုန်အရောင်းအ၀ယ် လုပ်နေတဲ့ မြန်မာပြည်ဖွား အိန္ဒိယနိုင်ငံသား မိသားစုကတော့ ကာလ်ကတ္တားမြို့ရဲ့ တည်နေပုံအနေအထားက ရန်ကုန်မြို့နဲ့ တူနေ တာကြောင့် မြန်မာပြည်ကို အမြဲ သတိရမိတယ်လို့ ဆိုပါတယ်။

မကြာသေးခင်က ရန်ကုန်ကို လည်ပတ်ခွင့်ရခဲ့တဲ့ သူတို့ထဲက အစ်ကိုကြီး ဖြစ်သူကတော့ “ရန်ကုန်က အရင်အတိုင်း ခမ်းနား နေတုန်းပဲ။ လူတွေတော့ ပိုများလာတယ်။ ကာလ်ကတ္တားက တိုးတက်တယ်ဆိုပေမယ့် ခမ်းနားမှု၊ သပ်ရပ်မှုကတော့ ကျနော်တို့ရန်ကုန်ကို မမီဘူးဗျ” လို့ သူနေခဲ့ဖူးတဲ့ တိုင်းပြည်နဲ့မြို့တော်ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ နှိုင်းယှဉ်ပြောပြပါတယ်။

ကာလ်ကတ္တားရဲ့ မြို့ပြဆိုင်ရာ အခြေခံအဆောက်အအုံတွေ တိုးတက်လာနေသလို စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေမှာလည်း တိုးတက်လာပြီဖြစ်ပါတယ်။ ကာလ်ကတ္တား တက္ကသိုလ်ကို နိုင်ငံရပ်ခြားကနေ ပညာဆည်းပူးဖို့ လာသူတွေ၊ ကာလ်ကတ္တားက အဆင့်မြင့် ဆေးရုံကြီးတွေဆီ ကျောက်ကပ်အစားထိုး စတဲ့ ဆေးကုသမှု ခံယူဖို့အတွက် လာသူတွေ နေ့စဉ်နဲ့အမျှ တိုးတက်လာနေပါတယ်။

တဘက်မှာလည်း ကျောင်းနေအရွယ်ကလေးတိုင်း စာတတ်မြောက်ဖို့ လုံးပန်းနေပေမယ့်၊ ကာလ်ကတ္တား အစိုးရပိုင်ဆေးရုံက အခြားမြို့ကြီးတွေက အစိုးရပိုင် ဆေးရုံတွေနည်းတူ နွမ်းပါးသူတွေအတွက် မှတ်ပုံတင်ကြေး ၁၀ ရူပီး ရှိရုံနဲ့ ဆေးကုသခွင့် ရတဲ့အစီအစဉ်တွေ ရှိနေပေမယ့်၊ ပညာရေး၊ ကျန်းမာရေး ဗဟုသုတ နည်းပါးတဲ့ အခြေအနေမဲ့တွေ အဖို့ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်းတွေနဲ့ အလှမ်းဝေးနေဆဲပါ။

ကာလ်ကတ္တား၊ ဒေလီ၊ မွန်ဘိုင်းနဲ့ ချန်နိုင်းမြို့တို့ဟာ အိန္ဒိယနိုင်ငံရဲ့ လူနေ အထူထပ်ဆုံးနဲ့ အဓိကအရေးပါတဲ့ မြို့ကြီး ၄ မြို့ဖြစ်တဲ့အပြင် နိုင်ငံအ၀န်း အခြေအနေမဲ့တွေ အများဆုံးနေထိုင်တဲ့ မြို့တွေလည်း ဖြစ်နေပြန်ပါတယ်။

ThuKhaMyoDaw-04ကာလ်ကတ္တားနေ လူဦးရေ ၄ သန်းကျော်ရဲ့ ၃ ပုံတပုံ နီးပါးဟာ အခြေအနေမဲ့တွေလို့ ဆိုပါတယ်။ နိုင်ငံရဲ့ လူဦးရေ တိုးလာတာနဲ့ အမျှ ဒီအခြေအနေမဲ့တွေရဲ့ ဦးရေဟာလည်း တိုးလာဦးမယ်လို့ အနောက်ဘင်ဂေါလ်အစိုးရရဲ့ ၂၀၁၁ နှစ်ဦးပိုင်း ဒေသတွင်း လူဦးရေစစ်တမ်းက ဖော်ပြပါတယ်။ ဒီလို အခြေအနေမဲ့တွေ တိုးလာတာဟာ အလုပ်အကိုင်ရှားပါးမှုနဲ့ လူနေမှုစနစ် ချိန်ခွင် အင်မတန် ကွာဟနေတာကို ပြနေတယ်လို့ စစ်တမ်းက ဆိုပါတယ်။

“မြို့က ရုပ်ပိုင်းဆိုင်ရာမှာ တိုးတက်လာပေမယ့် ခေတ်နောက်ပြန်ဆွဲတဲ့အတွေးတွေ၊ ရှေးရိုးစွဲဓလေ့တချို့တို့ကြောင့် လူမှုရေး၊ ကျန်းမာရေး၊ သန့်ရှင်းသပ်ရပ်မှုတွေမှာတော့ တိုးတက်သင့်သလောက် မတိုးတက်တာတွေရှိတယ်။ သူတို့ကတော့ တဲတွေနဲ့ ဒီလိုနေရတာကိုပဲ ပျော်နေကြတယ်။ ဟိုးလွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက အခုအချိန်အထိ ဒီအတိုင်းပဲ” လို့ သူ့ဆိုင်ရှေ့ လမ်းတဘက်ခြမ်းက ပလက်ဖောင်းတလျှောက် မင်းမူထားတဲ့ အခြေအနေမဲ့ တဲတစုကို ညွှန်ပြရင်း မိုက်ကယ်လ်က ပြောပြပါတယ်။

မြစ်ရေကို အမြဲတစေ ဖွင့်လွှတ်ပေးထားတဲ့ ရေဘုံဘိုင်အောက်မှာ ဆော့ကစားနေတဲ့ ဖိနပ်မပါတဲ့ကလေးတွေ၊ ယင်ကောင်တွေနဲ့ အပြိုင်လုရင်း အစားစားနေကြတဲ့ ဗိုက်ပူနံကား ကလေးငယ်တွေ၊ ခနော်ခနဲ့ မီးဖိုမှာ ပလတ်စတစ်စ၊ စက္ကူစတွေနဲ့ မီးမြှိုက်ပြီး ချက်ပြုတ်နေတဲ့ အိမ်ရှင်မတွေ၊ သူတို့တွေရဲ့ ဘ၀တွေဟာ နုံခြာပေမယ့် ပြုံးရွှင်နေတဲ့ သူတို့မျက်နှာတွေက သောကကင်းပြီး စိတ်ချမ်းသာမှုအပြည့်ရှိတယ်လို့ ဖော်ပြနေသယောင် မြင်တွေ့ရပါတယ်။

မိုက်ကယ်လ်က “တရက်ကို ရူပီး ၅၀ (ကျပ် ၁၀၀၀ ခန့်) လောက်ရရင်ကို သူတို့စားဖို့အတွက် မပူရဘူး။ မနက်ဖြန်အတွက် မစိုးရိမ်တဲ့ သူတို့တွေအတွက်ကတော့ တကယ့်ကို သုခမြို့တော်ပါပဲ” လို့ ပြောပြပါတယ်။

တဲလေး တခုရဲ့ဘေးက လန်ချားတစီးပေါ် ထိုင်နားရင်း ငေးနေတဲ့ အဖိုးအိုတယောက်ကို တွေ့တော့ ပြင်သစ်စာရေးဆရာ ဒေါမနစ်ခ်လာပီးယားရေးပြီး စာရေးဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ “သုခမြို့တော်” ဆိုတဲ့ အိန္ဒိယနိုင်ငံ ကာလ်ကတ္တား မြို့က အခြေအနေမဲ့ တွေရဲ့ဘဝသရုပ်ဖော် ၀တ္တုထဲက လန်ချားသမား ဟာဇာရီရဲ့ ပုံရိပ်ကို တွေးမြင်မိပါတယ်။

ခေတ်ရေစီးကြောင်း ပြောင်းလာတာနဲ့အမျှ လူဆွဲရတဲ့ လန်ချားအစား စက်ဘီးတပ်နင်းရတဲ့ ရေခ်ရှောတွေ ပေါ်လာပေမယ့် ကာလ်ကတ္တားမှာတော့ ဟာဇာရီလို လန်ချား ဆွဲပြီး အသက်မွေးနေသူတွေ ရှိနေဆဲ၊ သံချေးအထပ်ထပ်နဲ့ ဓာတ်ရထားတွေ ပြေးဆွဲနေဆဲ၊ ခရစ်ယာန်သာသနာပြုဆရာ ကိုဗာလ်စကီး နဲ့ မာသာထရီဇာတို့လို လူတွေဆီက စာနာမှုနဲ့ အကူအညီ လိုအပ်နေတဲ့ အခြေအနေမဲ့တွေ ရှိနေဆဲ၊ ဆင်းရဲချမ်းသာ ချိန်ခွင်လျှာ မညီမျှမှု ကြီးမားနေဆဲ၊ စီးဆင်းနေတဲ့ ဟာဝ်ရီမြစ်နဲ့အတူ ကိုလိုနီခေတ် အငွေ့အသက်တွေနဲ့ သုခမြို့တော်ရဲ့ ပုံရိပ်တွေက ရှင်သန်လှုပ်ရှားနေဆဲ ပါပဲ။     ။


ဇာနည်မာန် Friday, 22 July 2011 18:20 ဆောင်းပါး 

ဧရာဝတီကိုလည်း မမေ့ပါနဲ့...

ဧရာဝတီကိုလည်း မမေ့ပါနဲ့...
 
ပြီးခဲ့တဲ့နှစ် ၂၀၁၀ ဖေဖော်ဝါရီလ ၂၅ရက်နေ့က ထိုစဉ်နအဖ ဝန်ကြီးချုပ်ဦးသိန်းစိန်နဲ့ သက်ဆိုင်ရာဝာာဝန်ရှိ ပုဂ္ဂိုလ်များဟာ မြစ်ဆုံဆည် စီမံကိန်းသို့ ရောက်ရှိလာခဲ့ပြီး မြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းများအား ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်...။

 ထိုစဉ်ကဝန်ကြီးချုပ်နဲ့ အတူလိုက်ပါခဲ့တဲ့ စစ်အာဏာပိုင်တွေကတော့ ပုံအရ ဝန်ကြီးချုပ်သိန်းစိန် ညာ(၈)၊ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း ညာ(၆)၊ အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဇော်မင်း ညာ(၁၀) တို့လိုက်ပါ ခဲ့ကြပါတယ်။ ဝန်ကြီးချုပ်မှ စီမံကိန်းများ ရည်မှန်းချက်နဲ့အညီ အမြန်ပြီးစီးအောင် ဆောင်ရွက်ခဲ့ဖို့ မှာကြားခဲ့တယ်လို့  ဆိုပါတယ်..။

 ပုလင်းချင်းခိုက်၊ ခွက်ချင်ရိုက်ရင်း ... ဧရာဝတီကို သစ္စာဖောက်လေပြီ....

ညဘက်မှာတော့ ညစာစားပွဲနဲ့ဧည့်ခံခဲ့ပြီး ဝန်ကြီးချုပ်သိန်းစိန်နဲ့ အေရှဝေါလ်ကုမ္ပဏီ ဒါရိုက်တာ ဦးထွန်းမြင့်နိုင်(ခ) စတီဗင်လော (ဘိန်းဘုရင် လောစစ်ဟန်၏သား) နဲ့ တရုတ်CPI ကုမ္ပဏီမှ အကြီးအကဲများ ဤသို့ ပျော်ပျော်ပါးပါး တက်ရောက်ခဲ့ကြပါတယ်...။ တရုတ်နှစ်သစ်ကူးအတွက် ကောင်းချီးပေးခဲ့ကြတယ်လို့ ဆိုပါတယ်..။

နိုင်ငံတော် သမ္မတကြီးခင်ဗျား ဧရာဝတီမြစ်ကြီး ထာဝရရှင်သန်ရေးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသူ/ နိုင်ငံသားတွေအတွက် အသက်တမျှ အရေးကြီးပါတယ်။ သမ္မတကြီးလည်း ဧရာဝတီ မြစ်ဝကျွန်းပေါ်သား တစ်ဦးပါ...။ ယခင်အစိုးရနဲ့ ယခုအစိုးရ မဆိုင်လို့ သမ္မတကြီးတို့ ဆိုချင်ဆို ပြောချင်ပြောပါ...။ ယခင်အစိုးရလက်ထက် ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ သမ္မတကြီးကိုယ်တိုင် ဒီစီိမံကိန်းတွေ အမြန်ပြီးစီးအောင် ညွှန်ကြားခဲ့တာ... သမိုင်းမှတ်တမ်းတွေ ရှိပါတယ်..။ ယခုအချိန်မှာ သမ္မတကြီးအနေနဲ့ မသိချင်ယောင်ဆောင် နေလို့မရပါ။ မပြေးသော်လည်း ကန်ရာရှိပါတယ်....။ ယခင်ဝန်ကြီးချုပ် ယခုသမ္မတကြီးမှာ တာဝန်ရှိပါတယ်... ။

ဒီပုံကတော့ ၂၀၁၁ခုနှစ် ၁လပိုင်းက ရွေးကောက်ပွဲအပြီး ထပ်မံရောက်ရှိလာစဉ်ကပုံပါ...

သမ္မတကြီးခင်ဗျား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်တွေ့ဆုံပြီး ရိုးသားစွာ ဆွေးနွေး အဖြေရှာပေးပါ...။
" ဧရာဝတီကိုလည်း မမေ့ပါနဲ့ "

သမ္မတကြီးခင်ဗျား နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် ရိုးသားစွာ အမြန် ဆွေးနွေးညှိနှိုင်း အကောင်အထည် ဖော်ပေးပါ။
" ဧရာဝတီကိုလည်း မမေ့ပါနဲ့ "

သမ္မတကြီးခင်ဗျား အမျိုးသားရင်ကြားစေ့ရေး အတွက် ရိုးသားစွာ အမြန်ဆုံး ဆောင်ရွက်ပေးပါ...။
" ဧရာဝတီကိုလည်း မမေ့ပါနဲ့ "

သမ္မတကြီးခင်ဗျား ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ်တွေ ရပ်စဲပေးဖို့ ရိုးသားစွာ ဆောင်ရွက်ပေးပါ...။
" ဧရာဝတီကိုလည်းမမေ့ပါနဲ့"

သမ္မတကြီးခင်ဗျား သမ္မတကြီးနောက်ကွယ်မှာ ကြိုးကိုင် လှုပ်ရှားနေတဲ့သူတွေ ရှိနေရင်လည်း ရိုးသားစွာ ........... ???
"ဧရာဝတီကိုလည်း မမေ့ပါနဲ့"

 http://www.demowaiyan.co.cc/2011/08/blog-post_28.html