Pages

Monday, June 27, 2011

စေတန်နတ်ဆိုး

စေတန်ဆိုတာ နတ်ဆိုးတဲ့ ...
သူဘာကြောင့်ဆိုးလဲ...
လူတွေလေ့ လာဘူးလား...

တခါတလေ…
လူတွေဖိအားကြောင့်…
လူတွေက ဆိုးလာကြတယ်…
အရောင်ပြောင်းလာကြတယ်…
ကိုယ့်ဘာသာကိုယ် ကာကွယ်ခြင်းတွေ လုပ်လာတယ်…

မူရင်း ဘ၀ပျောက်ဆုံးပြီး…
Cover အပြည့်နဲ့ ဘ၀ကြီးကို ဖန်တီးလာတယ်…
လူဆိုးတွေက တဖြည်းဖြည်း ဆိုးလာကြတယ်…
လူကောင်းတွေက လူဆိုးတွေကို ပိုဆိုးလာအောင် ဖန်တီးလာကြတယ်…

သူမှန်တယ်….ငါမှန်တယ်နဲ့ …
ရှုံးနိမ့် သူ ကလူဆိုးပဲ ….
သမိုင်းဆိုတာ အောင်နိုင်သူရေးခဲ့ တာ….
ဇူးနတ်မင်းကြီး ရေးခဲ့လို့  စေတန်က နတ်ဆိုးဖြစ်တာ ဖြစ်ကောင်းဖြစ်မယ်….
သမိုင်းဆိုတာ အောင်နိုင်သူရေးတာပဲ…

သူငယ်ချင်းတစ်ယောက်ပြောတယ်….
ပြိုင်ငြင်း မနေနဲ့ ….
ဘယ်သူမှန်တယ်ဆိုတာထက်….
ဘယ်သူ နိုင်တယ်ဆိုတာကိုကြည့် ….
နိုင်တဲ့လူက မှန်တာပဲ….
နိုင်တဲ့ လူထဲမှာ သမိုင်းပဲ….
အမှန်တရား…စာနာနားလည်ခြင်း…
ဝါးဟားဟားနဲ့  ရယ်လိုက်ချင်တယ်…
ကိုယ့်အမြင်တစ်ခုနဲ့  ရပ်တည်နေတာလား…
ကိုယ့်အမြင်ကသာ အမှန်တရား…
အင်အားတောင့်သူကသာ အမှန်တရား…

မင်းမှန်လား….
ငါမှန်လား…
နိုင်သူကသာ အမှန်ပဲ….
ဒါကို ဇူးနတ်မင်းကြီး သင်ပေးခဲ့တယ်….

ဇူးနတ်မင်းကြီး…
အင်အားကြီးမား…
စေတန်နတ်ဘုရား….
ဝေးရာထွက်သွား…
အိုလံပစ်တောင်…
ဇူး ပိုင်စေသား…
ဇူးနတ်လက်ထက်….
စေတန်နတ်ဆိုး…
TITAN အမည်ပျောက်…
ကိုးကွယ်သူမဲ့ ….
စွမ်းလှပေတယ်….
ဇူးနတ်ဘုရားရယ်….

သားတော်များစွာ….
ရှိလှပေတဲ့ …..
ဇူးနတ်ဘုရား…
သူ့ နောက်လက်ထက်….
အမည်ပျောက်ပါကား….

ပွေလှပေမယ့်….
လူတိုင်း ကိုးကွယ်….
ဇူးနတ်ဘုရားကို…
အံ့သြလှတယ်…

ပိုစိုင်းဒါန်းလည်း…
အိုလံပစ်မှာ မနေရရှာ…
ပင်လယ်ထဲဆင်း…
ငါဘုရင်လို့ …
ဟစ်ကျွေးခဲ့ တယ်…

ဟေးဒီနတ်မင်း…
အပူအပင်…
ငရဲ ပြည်သို့ …
ဆင်းသက်လေကာ…
ဘုရင်လုပ်တယ်…

အိုလံပစ်တောင်ဝယ်…
ဇူးမိသားစု…
များလှပေတယ်…
ဆွေမျိုးတွေ မပါ…
သားသမီးတင်ပဲ …
ပြည့်နေလှတယ်…

စေတန် နတ်မင်း…
Rome လည်းပျောက်…
သတင်းလည်းပျောက်…
ဘယ်ဘ၀ရောက်ရှာ…
မသိရပေရှာ…

ဘ၀တစ်သက်…
စေတန့် အမှား…
သူ့ မွေးရင်းသားများ…
သူပြန်မျို ခဲ့ …
အာဏာမက်လို့ ပေါ့…
လူထုအပေါ်ကောင်းခဲ့ ပေမယ့်…
စိုက်ပျိုးခြင်းတွေ ထွန်းကားခဲ့ တယ်…
လူထုဆီက နောက်ဆုံးရလာဒ်…
နတ်ဆိုးကြီးတဲ့ ….
စားနေတဲ့  ဆန်စပါး…
ကျေးဇူးမျှ မထောက်…
အော်…..
နတ်ဆိုးဘ၀ တကယ်ပြောင်းသင့်တယ်…
စေတန်…

စေတန့်  အမှားစေတန်သိလို့ …
ပြင်ကောင်း ပြင်ခဲ့ …
ဒါပေမယ့် လူမသိတော့….
ဇူးနတ်သည် သာ တန်ခိုးကြီးဆုံး….
အိုလံပစ်တောင် သခင်ဖြစ်ပေတည်း………
From . facebook

Sunday, June 26, 2011

အသိခေါက်ခက်အ၀င်မနက်စေဖို့ 

မြန်မာစကားပုံတစ်ခု ရှိပါတယ်.. “အသိတမံ ဥာဏ်မြေကတုတ်၊ ပညာစွမ်း ချွန်းကဲ့သို့အုပ်” ဆိုတာကို တော်တော်များများသောလူတွေ သိကြမှာပါ။ ဆိုလိုရင်းကတော့ အသိတစ်ခု ရှိရုံနဲ့ မလုံလောက်ဘဲ အသိ၊ ဥာဏ်အမျှော်အမြင်၊ ပညာ ဆိုတဲ့ သုံးမျိုးသောအရာတို့ကို ကောင်းစွာသိရှိပြီး ကိစ္စရပ်တစ်ခုကို လုပ်သင့် မလုပ်သင့် ချင့်ချိန်နိုင်အောင် ဆိုဆုံးမခဲ့တာပါ။ ဒါပေမယ့် အခုချိန်ထိတော့ လူတော်တော်များများ (ကျွန်တော်အပါအ၀င်ပေါ့) ဟာ အသိဆိုတဲ့ အသိတရားရှိကြပေမယ့် “အသိခေါက်ခက် အ၀င်နက်” နေကြပါတယ်။ မလုပ်သင့်မှန်း သိပေမယ့် လုပ်လိုက်ရင် ရလာမယ့် ရာထူးစည်းစိမ်၊ ဥစ္စာဓန စသည်ဖြင့် လိုချင်တပ်မက်မှု မျိုးစုံတို့ရဲ့ လှုံဆော်မှုကို မခံနိုင်ဘဲ လုပ်ကိုင်မိကြတာတွေ ရှိနေပါတယ်.။ ဒါကြောင့် မနိုင်နိုင်းစနေရဲ့ ဒီပို့စ်လေးကို ဖတ်ရတော့ မရှဲရ မနေနိုင်တော့လို့ ရှဲလိုက်တာပါ.. ကိုယ်ပိုင်ရေးတွေ မတင်နိုင်တာ တော်တော်ကြာပြီဖြစ်လို့ တင်နိုင်အောင် ကြိုးစားပါ့မယ်လို့လည်း ကတိပေးရင်းး…….
ရေထဲမှာ ငါးစာနဲ့ ငါးမျှားချိတ်လေးတစ်ခုရှိနေတယ်။
Fish And Bait
ငါးကလေးတစ်ကောင်က ငါးစာနံ့ရတော့ ငါးမျှားချိတ်နား ကပ်လာတယ်။ ငါးစာကိုတစ်ချက်ကြည့်ပြီး “အင်း… အရသာသိပ်ရှိမယ့်ပုံပဲ” လို့တွေးတယ်။ ဒါပေမဲ့ သတိလက်လွတ်ဖြစ်ပြီး ငါးစာကို သူမဟပ်သေးဘူး။ အစားသရမ်းတဲ့ သူ့သူငယ်ချင်းတွေ ဒီလိုငါးမျှားချိတ်ကြောင့် အသက်ပေးသွားခဲ့ရတာကို သူသိနေလို့ဖြစ်တယ်။ “မစားရဘူး.. မစားရဘူး.. ဒါဟာ မျှားစာဖြစ်တယ်”လို့တွေးပြီး အဝေးကို သူကူးခပ်သွားလိုက်တယ်။
ဒါပေမဲ့ ငါးစာနံ့ကို သူအံတုမရခဲ့ဘူး။ တအောင့်ကြာတော့ ငါးမျှားချိတ်ဆီ သူကူးခပ်လာပြီး ငါးစာကို အကဲခတ်ကြည့်ပြန်တယ်။
“မဖြစ်ဘူး.. မဖြစ်ဘူး… ဒါ မျှားစာ…. ခံသွားရလိမ့်မယ်”လို့ သူ့ကိုယ်သူသတိပေးပြီး အဝေးကို ကူးခပ်သွားပြန်တယ်။ ဒါပေမဲ့ အဝေးကိုမရောက်ခင် အရသာရှိတဲ့ငါးစာကို သူမြင်ယောင်ပြန်တယ်။ အဲဒီလိုနဲ့ ငါးမျှားချိတ်ရှိရာကို သူကူးလာပြန်တယ်။ ငါးစာနားတိုးကပ်ပြီး အကဲခတ်ကြည့်ပြန်တယ်။
“ကြည့်ရတာ သိပ်အန္တရာယ်ဖြစ်မယ့်ပုံ မပေါ်ပါဘူး” ငါးစာကို အမြီးနဲ့ထိကြည့်ပြီး သူတွေးတယ်။
ငါးစာက နှစ်ချက်လောက်လှုပ်ပြီး ငြိမ်သွားတယ်။
“ကြည့်ရတာ သိပ်ပြဿနာမရှိပါဘူး.. ငါကိုက အစိုးရိမ်လွန်တာပါ” ငါးစာဘေးမှာ လှည့်ပတ်ကူးခပ်ရင်း “ဘုရားသခင်… အကျွန်ုပ်ကို စောင့်မကြည့်ရှုတော်မူပါ။ အကျွန်ုပ်ဒီတစ်ခါပဲ စွန့်စားပါမယ်။ တစ်ခါဆို တစ်ခါတည်းပါ။ ဘာအန္တရာယ်မှ ရှိလောက်မယ် မထင်ပါဘူး…….”
ငါးမျှားချိတ် ဆတ်ခနဲမြှောက်တက်သွားတယ်။ ငါးမျှားချိတ်မှာ ငါးဟပ်နေလို့ဖြစ်တယ်။
လောဘရမ္မက်က သတိတရားဆိုတဲ့သံချပ်ကာကို အမြဲဆွဲချွတ်ပြီး ထက်မြက်သူကိုတောင် ရူးမိုက်နုံအစေသတဲ့……….
မူရင်း— http://www.duwenzhang.com/wenzhang/renshengzheli/chenggong/20071212/1438.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

အခြားအမျိုးသမီးတစ်ဦးနှင့် ချိန်းတွေ့သည်

အခြားအမျိုးသမီးတစ်ဦးနှင့် ချိန်းတွေ့သည်


လက်ထပ်ပြီး ၂၁နှစ်လွန်မြောက်လာမှ ချစ်ခြင်းဆိုတဲ့ ပန်းတစ်ပွင့် အမြဲလတ်ဆတ် လန်းဆန်းစေတဲ့ နည်းတစ်နည်းကို ကျွန်တော်တွေ့ရှိခဲ့တယ်။ အဲဒီနည်းက ဘာပရိယာယ်မှ မပါတဲ့ ရိုးသားဖြူစင်တဲ့နည်း ဖြစ်တယ်။

မကြာသေးခင်က အခြားအမျိုးသမီးတစ်ဦးနဲ့ ကျွန်တော်ချိန်းတွေ့ခဲ့တယ်။ အဲဒီလို ချိန်းတွေ့ဖို့အကြံကို ကျွန်တော့်ဇနီးကပဲ ပေးခဲ့ပါတယ်။

"မောင် သူ့ကို အရမ်းချစ်မှန်း ကျွန်မသိပါတယ်"

ဇနီးစကားကိုကြားတော့ ကျွန်တော်အံ့သြပြီး ချက်ချင်းပဲ "ခင့်ကို မောင်ချစ်တယ်လေ" လို့ ပြန်ဖြေခဲ့တယ်။

"ကျွန်မသိတယ်မောင်.. ဒါပေမယ့် သူ့ကိုလည်း မောင်ချစ်တယ် မဟုတ်လား! "

ဇနီးက ကျွန်တော့်ကိုအမေနဲ့ ချိန်းတွေ့ခိုင်းစေတာဖြစ်တယ်။ အမေတစ်ယောက်ထဲ နေလာတာ ၁၉နှစ်ရှိခဲ့ပါပြီ။ ကျွန်တော်လည်း အလုပ်များတာကတစ်ကြောင်း၊ ကလေးသုံးယောက်ရဲ့ တာဝန်ကိုယူရတဲ့ ဖခင်ဖြစ်နေတာကတစ်ကြောင်း အမေနဲ့တွေ့ဖို့၊ ဆုံဖို့ အချိန်ချို့တဲ့ခဲ့ရတယ်။

အဲဒီညက အမေဆီ ကျွန်တော်ဖုန်းဆက်ပြီး ကျွန်တော်နဲ့ညစာအတူစားဖို့၊ ရုပ်ရှင်ကြည့်ဖို့ ချိန်းဆိုလိုက်တယ်။

"ဘယ်လိုဖြစ်ရတာလဲ? သား နေကောကောင်းရဲ့လား? "

ညဖုန်းဆက်ပြီး ရုတ်တရက် အမေ့ကိုချိန်းဆိုခဲ့လို့ သားတစ်ခုခုများ ဖြစ်နေပလားလို့ အမေတွေးထင်ခဲ့ပုံရတယ်။

"အမေနဲ့နှစ်ယောက်တည်း ချိန်းတွေ့ခွင့် ရချင်လို့ပါ။ အရမ်းအဓိပ္ပါယ်ရှိမယ်လို့ ကျွန်တော်ထင်တယ် အမေ"

"အမေလက်ခံပါတယ် သား" ခဏစဉ်းစားပြီး အမေပြန်ဖြေတယ်။

သောကြာနေ့ ရုံးဆင်းပြီးနောက် ကားမောင်းပြီး အမေ့ကို ကျွန်တော်သွားကြိုခဲ့တယ်။ ဒီလို ချိန်းဆိုမှုမျိုး ကျွန်တော်တစ်ခါမှ မမြည်းစမ်းခဲ့ဖူးလို့ ကားမောင်းနေတဲ့အချိန် ကျွန်တော့်ရင်တွေ တုန်လှုပ်နေမိတယ်။

အမေ့အိမ်ရောက်တဲ့အချိန် အမေလည်း ဒီချိန်းဆိုမှုကြောင့် စိတ်လှုပ်ရှားနေမယ်လို့ ကျွန်တော်ထင်တယ်။ တံခါးဝမှာ အမေရပ်နေတယ်။ အနွေးထည်ကို အမေဝတ်ထားတယ်။ အမေဝတ်ထားတဲ့ အထဲအင်္ကျီက မင်္ဂလာနှစ်ပတ်လည်နေ့မှာ အမေနောက်ဆုံးဝတ်ခဲ့တဲ့ အင်္ကျီဖြစ်တယ်။ ခေါင်းပေါ်က ဆံတိုကို အမေထပ်ကောက်ထားသေးတယ်။ အမေ့မျက်နှာက နတ်သမီးအလား ပြုံးရွှင်လို့နေတယ်။

ကားပေါ်ရောက်တော့ အမေက အားရနှစ်လိုစွာနဲ့ " အမေ့သူငယ်ချင်းတွေကို ဒီနေ့သားနဲ့ အမေချိန်းတွေ့မယ်လို့ ပြောပြတော့ သူတို့က အမေကိုအားကျကြတယ်။ အမေတို့ ဘယ်လိုချိန်းတွေ့ခဲ့ကြတယ် ဆိုတာကို သူတို့စောင့်မျှော် နားထောင်နေကြမယ်တဲ့"

အကောင်းဆုံးမဟုတ်ပေမယ့် သပ်ရပ်ပြီး သက်တောင့်သက်သာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်ထဲ ကျွန်တော်တို့ ရောက်သွားခဲ့တယ်။ အမေက ကျွန်တော့်လက်မောင်းကို ချိတ်လို့ ကတော်တစ်ယောက်နဲ့ တူနေခဲ့တယ်။ ထိုင်ခုံမှာနေရာယူပြီးနောက် အမေ့အတွက် ကျွန်တော်ကပဲ အစားအစာတွေ မှာပေးခဲ့ရတယ်။ အမေရဲ့မျက်လုံးက လက်ရေးကြီးတွေကိုပဲ မြင်နိုင်လောက်အောင် မွဲနေခဲ့ပါပြီ။

အစာစားရင် တစ်ဝက်အရောက် ကျွန်တော်ခေါင်းမော့်ကြည့်လိုက်တယ်။ ကျွန်တော့်ကို ကြည့်နေတဲ့ အမေမျက်လုံးနဲ့ သွားဆုံတယ်။

"သား ငယ်ငယ်တုန်းက အမေပဲ သားအတွက် အစာမှာပေးရတယ်"

အတိတ်ကို အောင်းမေ့လွမ်းဆွတ်တဲ့ အပြုံးနဲ့ အမေကပြောတယ်။

"အခုတော့ အမေအနားယူလို့ရပြီ၊ အမေ့ကို ပြုစုဖို့ ကျွန်တော့်အလှည့်ရောက်ပြီလေ"

အစာစားရင်း ကျွန်တော်တို့ စကားတွေ ပြောဖြစ်ကြတယ်။ စကားတွေက အပျော်ထဲမှာ နစ်မွန်းနေခဲ့တယ်။ ဒီနှစ်တွေအတောအတွင်း ဘဝကိုယ်စီမှာ ဖြစ်ပျက်ခဲ့သမျှကို ဖလှယ်ကြတယ်။ ကျွန်တော်တို့ စကားတွေအများကြီး ပြောခဲ့ကြလို့ ရုပ်ရှင်ကြည့်ဖို့ နောက်ကျသွားခဲ့ရတယ်။

ညစာပြီးလို့ အမေကို အိမ်ပြန်ပို့တော့ အမေက တံခါးဝမှာရပ်ရင်း "သားနဲ့ နောက်တစ်ကြိမ် ချိန်းတွေ့ချင်သေးတယ်။ ဒီတစ်ခေါက်ကျရင် အမေရှင်းမယ်နော်" လို့ ပြောတော့ ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

အမေ့ကို ပို့ပြီး အိမ်ပြန်ရောက်တော့ ဇနီးက ဆီးကြိုမေးတယ်။

"ညနေစာချိန်းပွဲလေး ဘယ်လိုလဲ?"

"အရမ်း အဓိပ္ပါယ်ပြည့်စုံတဲ့ ချိန်းပွဲလေးပေါ့။ ထင်ထားတာထက်တောင် ပိုအဓိပ္ပါယ်ရှိနေခဲ့တယ်"

အမေနဲ့ချိန်းတွေ့ပြီး ရက်အနည်းငယ်နောက်ပိုင်း နှလုံးရောဂါကြောင့် အမေ ရုတ်တရက် သေဆုံးသွားခဲ့တယ်။ ထင်မှတ်မထားတဲ့ ရုတ်တရက်မို့ ကျွန်တော်လုံးဝ မယုံကြည်နိုင်ခဲ့ဘူး။

အမေဆုံးပြီး သိပ်မကြာခင် ကျွန်တော်စာတစ်စောင် လက်ခံရရှိခဲ့တယ်။ စာက အမေနဲ့ ကျွန်တော်ချိန်းတွေ့ခဲ့တဲ့ စားသောက်ဆိုင်က ပို့ခဲ့တဲ့ ပြေစာတစ်စောင်ဖြစ်တယ်။ စာထဲမှာ စာတိုလေးတစ်ကြောင်းပါ ပါတယ်။

"ကုန်ကျစရိတ်ကို အမေကြိုရှင်းခဲ့တယ်။ နောက်တစ်ကြိမ် အမေထပ်သွားဖို့ အခွင့်ရှိတော့မှာ မဟုတ်ဘူးဆိုတာ အမေသိနေတယ်။ ဒါပေမယ့် နှစ်ယောက်စာကို အမေရှင်းခဲ့တယ်။ သားနဲ့ သားရဲ့ဇနီး အတွက်ပါ။ အဲဒီည ချိန်းပွဲလေးက အမေ့အတွက် အရမ်းအဓိပ္ပါယ်ရှိခဲ့မယ်လို့ သားတွေးထင် မထားခဲ့မိဘူး မဟုတ်လား။ သားကို ချစ်တယ်"

အဲဒီအချိန်ကစပြီး "ချစ်တယ်" ဆိုတဲ့ စကားကို အချိန်မလွန်ခင်ပြောဖို့ ကျွန်တော် အသိတရား ရလိုက်တယ်။ ကိုယ်ချစ်တဲ့သူတွေအတွက် အချိန်တွေပေးဖို့လိုကြောင်း ကျွန်တော်နားလည်လိုက်တယ်။

လောကမှာ ဘယ်အရာကမှ ကိုယ့်မိသားစုလောက် အရေးမကြီးပါဘူး။ သူတို့နဲ့အတူနေဖို့ အချိန်ပိုပေးကြည့်ပါ။ ဒီကိစ္စဟာ "နောက်မှ.. အချိန်ရပါသေးတယ်" ဆိုပြီး အချိန်ဆွဲသင့်တဲ့ ကိစ္စမဟုတ်ပါဘူး။


မူရင်း--- http://www.yukz.com/novel

(မှ)နိုင်းနိုင်းစနေ

Saturday, June 25, 2011

မြို့ ကြီးသုံးမြို့ ဗုံးပေါက်ကွဲမူ့ ဖြစ်

ချင်းမိုင် (မဇ္ဈိမ) ။     ။ ကားဗုံးတခုအပါအဝင် မြန်မာနိုင်ငံ မြို့ကြီးသုံးမြို့တွင် ဗုံးပေါက်ကွဲမှုများ သောကြာနေ့
 နေ့လည်၌ ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားခဲ့ပြီး၊ နောက်ထပ် ၃ နာရီအကြာ မန္တလေးတွင် နောက်ထပ် ဗုံးတလုံးပေါက်ကွဲပြန်သည်။

စိန်စံပယ်ဖူး ရွှေဆိုင်နှင့် ပရိယတ္တိသာသနအသင်းအနီး အမှိုက်ပုံအနီး ပေါက်ကွဲခြင်း ဖြစ်ပြီး၊ မန္တလေးတွင် အစောပိုင်းက ပေါက်ကွဲသော နေရာနှင့် သိပ်အလှမ်းမဝေးသော နေရာဖြစ်သည်။

သံသယဖြစ်ဖွယ် ဗုံးတွေ့သည်ဆိုသော သတင်းအရ စစ်သားများက မွန်းလွဲ ၂ နာရီခန့်ကတည်းက အဆိုပါနေရာကို ပိတ်ဆို့ထားလိုက်နိုင်သော်လည်း ပေါက်ကွဲမှုက ဖြစ်ပွားခဲ့သည်။ မည်သူကမျှ သူတို့လက်ချက်ဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

Bexplosion2ss
မန္တလေးဈေးချို ဟိုတယ်ရှေ့တွင် ဗုံးကွဲမှု ဖြစ်ပွားအပြီး ပျက်စီးကျန်ရစ်သော ပါဂျယ်ရိုကားကို လူအများ ဝိုင်းအုံကြည့်နေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
ပေါက်ကွဲမှုလေးခုတွင် ဒဏ်ရာရသည်ဟု အတည်ပြုနိုင်သည်မှာ မန္တလေး ၈၂ လမ်းနှင့် ၈၄ လမ်းထောင့်
 ဈေးချိုဟိုတယ်ရှေ့ ရပ်နားထားသော ပါဂျယ်ရိုးကား ၃ခ/ ၁၉ဝ၄ တွင် ပေါက်ကွဲမှုဖြစ်သည်။ ကားဗုံးပေါက်ကွဲချိန်တွင် ကားပေါ်၌ လူမရှိသော်လည်း အနီးနားရှိ ယာဉ်ထိန်းရဲတဦး ဒဏ်ရာရသွားခဲ့သည်ဟု မန္တလေးမြို့ မီးသတ်အရာရှိ တဦးက ပြောသည်။

“ကားကတော့ လုံးဝ စုတ်ပြတ်သွားတယ်။ ဗုံးက တော်တော်ပြင်းတဲ့ ဗုံးပဲ” ဟု မန္တလေး မီးသတ်အရာရှိ တဦးက ပြောသည်။

မီးလောင်မှုဟု ထင်၍ သွားရောက်သော မီးသတ်သမား များကို စစ်ဘက်က “ မင်းတို့အလုပ်မဟုတ်ဘူး ” ဟု ဆိုကာ မောင်းထုတ်ခဲ့ကြောင်း မျက်မြင်သက်သေ တဦးက ပြောသည်။

“အန်တီတို့ကလည်း မိုးကြိုးပစ်တယ် အောက်မေ့နေတာ။ အခု ဗုံးပေါက်တာက ၂၈ လမ်းနဲ့ ၈၄ ထောင့် ဆိုတော့ အန်တီတို့နဲ့ ကြားထဲမှာ နှစ်ပြပဲ ဝေးတာပဲ။ အသံတော့ ကြားလိုက်ရတယ်။ မိုးကြိုးပစ်တယ် အောက်မေ့နေတာ။ မိုးကြိုးပစ်တယ်ထင်ပြီး ဒီအတိုင်းနေတာကို အရပ်ထဲက အဲဒါ မိုးကြိုးပစ်တာ မဟုတ်ဘူး။ ဗုံးကွဲတာ ပြောမှ သိရတာ”
ဟု မန္တလေးမြို့ခံ အမျိုးသမီးတဦး မဇ္ဈိမကို ပြောသည်။

တချိန်တည်းမှာပင် အစိုးရရုံးစိုက်ရာ နေပြည်တော်နှင့် ပြင်ဦးလွင်တွင်လည်း လူသူမရှိသော နှစ်ထပ်တိုက်
အိမ်များတွင် ဗုံးပေါက်ကွဲခဲ့သည်။

နေပြည်တော် သပြေကုန်းရပ်ကွက် ရွှေလာဘ်ကောင်လမ်းကြား အိမ်အမှတ် ၄၆ တွင် ပြင်းထန်သော ဗုံးပေါက်ကွဲခြင်းနှင့် ပတ်သက်၍ မြို့အုပ်ချုပ်ရေးအရာရှိတဦးက  “ဗုံးက တော်တော် ပြင်းလွန်းတယ်။ ၂ ထပ်တိုက် အပေါ်ထပ်မှာ ကွဲတာပါ။ အပေါ်ထပ်က သော့ပိတ်ထားတယ်။ ပေါက်တာလည်း အပေါ်ထပ်မှာပဲ။ အပေါ်ထပ် တထပ်လုံး ပွင့်ထွက်သွားတယ်။ ဗုံးကပြင်းတာကိုး" ဟု မဇ္ဈိမကို ပြောသည်။

စစ်ဘက်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်တော့ ထောက်ပို့ဘက်လမ်းခွဲ ရပ်ကွက် ၄ ထဲရှိ နေအိမ် ဗုံးကွဲမှုကြောင့် အပေါ်ထပ် တခုလုံးနီးပါး ပျက်စီးသွားသည်။

မဇ္ဈိမသတင်းထောက်များအပါအဝင် မျက်မြင်သက်သေများက ပြင်ဦးလွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားမှုကို သတင်းပေးပို့ကြချိန်တွင် ပြင်ဦးလွင် ရဲစခန်းက ဗုံးပေါက်ကွဲမှု မဖြစ်ကြောင်း ငြင်းဆန်နေကြသည်။

စစ်ဘက်ပုဂ္ဂိုလ်များ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာတိုင်းသို့ရောက်ရှိ စုံစမ်းစစ်ဆေးနေပြီး ပြင်ဦးလွင်တွင်တော့ အခရာ ကျသော နေရာများတွင် လုံခြုံရေးစစ်ဆေးမှုများ ပြုလုပ်နေသည်။ တရက်တည်းဆက်တိုက် ဗုံးပေါက်ကွဲမှုများက
 နောက်ထပ် ပေါက်ကွဲမှုများ လာနိုင်သေးသည်ဆိုသော ကောလာဟလကြောင့် လူအများအတွင်း စိုးရိမ်စိတ်များ တိုးပွားနေတော့သည်။

သတင်းပေးပို့ချိန်အထိ မန္တလေးမြို့တွင် ဗုံးရှာဖွေမှုများ စစ်ဘက်က ဆက်လက် ပြုလုပ်နေသည်။


မန္တလေး ဗုံးပေါက်ကွဲမှု :: မန္တလေး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ဘက်က ရောက်ရှိစစ်ဆေးနေသည်ကို တွေ့ရစဉ်။ ရပ်ထားသော ပါဂျယ်ရိုကားပေါ်တွင် ဗုံးပေါက်ကွဲမှု သောကြာနေ့ ဇွန်၂၄ ရက်နေ့လည်က ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ တဦး ဒဏ်ရာရသွားသည်။ ဓာတ်ပုံ - Sytmhone မန္တလေး ဗုံးပေါက်ကွဲမှု :: ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လွင့်ကျန်ရစ်သော ဗုံးစတခု။ မန္တလေးမြို့လယ်တွင် ရပ်နားထားသော ကားတစီးပေါ်တွင် ဗုံးပေါက်ကွဲမှု သောကြာနေ့ ဇွန် ၂၄ ရက်နေ့က ဖြစ်ရာ အနည်းဆုံး လူတဦး ဒဏ်ရာရသွားသည်။ ဓာတ်ပုံ - Sytmhone မန္တလေး ဗုံးပေါက်ကွဲမှု ::ဗုံးကွဲမှု ဖြစ်ပွားအပြီး ပျက်စီးကျန်ရစ်သော ပါဂျယ်ရိုကားကို လူအများ ဝိုင်းအုံကြည့်နေစဉ်။ ဓာတ်ပုံ- Sytmhone မန္တလေးဈေးချို ဟိုတယ်ရှေ့တွင် ရပ်ထားသော ပါဂျယ်ရို ကားတစီးပေါ်တွင် သောကြာနေ့ ဇွန် ၂၄ ရက်၊ ၂ဝ၁၁ ခုနှစ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ပါဂျယ်ရိုကားတွင် ဗုံးပေါက်ကွဲ :: မန္တလေးဈေးချို ဟိုတယ်ရှေ့တွင် ရပ်ထားသော ပါဂျယ်ရို ကားတစီးပေါ်တွင် သောကြာနေ့ ဇွန် ၂၄ ရက်၊ ၂ဝ၁၁ ခုနှစ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ- Citizen Journalist

Friday, June 24, 2011

အက်ဆေးလှည်းတန်း အကြောင်း လှည်းတန်းအက်ဆေး


အက်ဆေးလှည်းတန်း အကြောင်း လှည်းတန်းအက်ဆေး
မြန်မာနိုင်ငံတွင် ရှိသော လူများထဲမှ ဆယ်ယောက်လျှင် တစ်ယောက်နှုန်းသည် စီးပွားရေး မြို့တော် ရန်ကုန်တွင် နေထိုင်သည်ဟု ဆိုရပေမည်။ ထိုရန်ကုန်၏ နွေးထွေးဆူဝေသော ရင်ခွင်ထဲ၌ လှည်းတန်းဆိုသော လမ်းဆုံတစ်ခုလည်း ရှိ၏။ ရန်ကုန်-ပြည်လမ်း၊ အင်းစိန်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် လှည်းတန်းလမ်းဟူသော လမ်းကြီးလေးခု စီးဆင်းပေါင်းဆုံခြင်းဖြင့် ကမာရွတ်မြို့နယ်၌ သူတည်ရှိနေ၏။


လှည်းတန်းသည် စည်ကားပါသည်။ အခြား စီးပွားရေး လုပ်ငန်းများ ပေါင်းစုမှု၌ ရန်ကုန်မြို့လယ်ကို မမှီသော်လည်း ပညာရေးရင်းမြစ်များ ပေါများလှသော နေရာ ဖြစ်ပါသည်။ လှည်းတန်းဟု ဆိုလိုက်လျှင် လူငယ်အတ်ာများများက သင်တန်းတစ်ခုခုနှင့် တွဲ၍၊ လှည်းတန်းဈေးနှင့် တွဲ၍၊ လှည်းတန်းစိန်ဂေဟာနှင့် တွဲ၍ ပြေးမြင်တတ်ကြပါသည်။ နေ့ရောညပါ ဈေးဆိုင်ကြီးငယ်ဖြင့် အသက်ဝင်လှုပ်ရှားနေသော ဧရိယာတစ်ခု ဖြစ်သလို လူငယ်များ ပျော်ရွှင် စုစည်း သွားလာစရာ နေရာတစ်ခု ဖြစ်ကြောင်း လှည်းတန်း၏ လမ်းများ၌ တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် လှည်းတန်းသည် စည်ကားပါသည်။
လှည်းတန်းလမ်းဆုံ၏ အထင်ရှားဆုံး ၀ိသေသလက္ခဏာမှာ ခေတ်၏ လျှပ်ပေါ်လော်လီမှု အနည်းငယ် ပါနေသော်လည်း အေးချမ်းမွေ့လျော်ဖွယ် ကောင်းသော Nightlife ဖြစ်ပါသည်။ ပျိုမျစ်သွက်လက် လှပမှုများ၊ မီးရောင်များ၊ ခေတ်ပေါ် အသုံးအဆောင် ပစ္စည်းဆိုင်များ၊ ချက်ပြုတ်ကြော်လှော်မှု ရနံ့များဖြင့် ညခင်းဖက် လှည်းတန်းသည် လေပြည်ထဲမှာ တစ်လူလူ လွင့်နေသော အလံတစ်လက်လို ဖြစ်ပါသည်။


သို့သော်……………
ဒါတွေက လှည်းတန်း၏ မြင်သာထင်သာသော၊ အကာမျှသော၊ ဗဟိဒ္ဓဆန်သော၊ သူလိုငါလို သိကြသော အခြင်းအရာများသာ ဖြစ်ပါသည်။ လှည်းတန်းဆိုသော လမ်းဆုံကလေး၏ တကယ်အနှစ်သာရဟု ဆိုနိုင်သော၊ လူသိနည်းသော၊ အဇ္ဈတ္တဆန်သော အကြောင်းခြင်းရာများစွာ ရှိနေပါသည်။
လှည်းတန်းသည် ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသတစ်ခု မဟုတ်ပါ။ အထက်က ဆိုခဲ့သော လူဆယ်ဦးတွင် ကျန်သော ကိုးဦးအနက် အနည်းငယ်ကသာ လှည်းတန်းကို သိပါလိမ့်မည်။ လှည်းတန်းသည် ကမ္ဘာမကျော်ပါ။ ကမ္ဘာမကျော်ရုံမျှမက မြန်မာလည်း မကျော်ပါ။ သို့ငြားလည်း ရန်ကုန်တက္ကသိုလ် ကျောင်းတော်ကြီး၌ ပညာရင်နို့သောက်စို့ရင်း လှည်းတန်း၌ သွားလာ လှုပ်ရှား နေထိုင်သွားဖူးသူတွေ ထဲမှာဖြင့် ကမ္ဘာကျော်၊ မြန်မာကျော်တွေ အများကြီး ပါဝင်ပါသည်။ထိုသူတွေထဲတွင် ကျွန်တော်တို့ ယခုလို အေးအေးချမ်းချမ်း နေနိုင်အောင် အသက်သွေးချွေး စတေး၍ လွတ်လပ်ရေးကို အရယူ ပေးသွားသူများ ပါသည်။ နိုင်ငံကျော် စာပေ၊ ဂီတ အနုပညာရှင်ပေါင်း များစွာ ပါဝင်ပါသည်။
တပ်မတော်၏ ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ရဲဘော်သုံးကျိပ်ဝင် သခင်ငွေ ခေါ် ဗိုလ်စောအောင်၊ ၀န်ကြီးချုပ်ဟောင်း ဦးနု စသူတို့မှသည် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဒဂုန်တာရာ၊ သိန်းဖေမြင့်၊ လူထုဒေါ်အမာ စသော စာပေပညာရှင်ကြီးများ၊ ပန်းချီမုတ်သုန်၊ ကိုနေ၀င်း၊ ကိုရဲလွင်၊ ခင်ဝမ်း၊ ထူးအိမ်သင်၊ ခင်မောင်တိုး၊ ၀င်းမင်းထွေး၊ လေးဖြူ၊ သော်ဒီဝေ၊ ဟယ်ရီလင်း စသော ဂီတပညာရှင်များ…………


ဤကဲ့သို့ ………….

မြန်မာ့လွတ်လပ်ရေး၏ မြစ်ဖျားခံရာ အထင်ကရ အမျိုးသားနေ့…………..၊ ခေတ်အဆက်ဆက် လူငယ်ပညာတတ်များ၏ ကွန်းခိုရာ မြကျွန်းညိုညို………….၊ နေခြည်အောက်မှာ သိင်္ဂါရ ရသမျိုးစုံတို့ဖြင့် တဖျတ်ဖျတ်လက်နေသော အင်းယားရေပြင်…………….. စသဖြင့် ကမာရွတ် လှည်းတန်း၏ ရဲရင့် တက်ကြွ ပြုံးရယ် လွမ်းမောဖွယ် အကြောင်းအရာ ပေါင်းစုံတို့ကို ကလောင်စုံတို့က ရေးသား၍ အက်ဆေးများအဖြစ် Words Art Product မှ စုစည်းထုတ်ဝေလိုက်ပါသည်။
ဖိုးကျော့၊ ဒေါက်တာခင်မောင်ဝင်း၊ တက္ကသိုလ်ရွှေရီဝင်း၊ စိုင်းအောင်ဝင်း၊ ကိုရိုးကွန့်၊ မောင်သာချို၊ ကြူးနှစ်၊ လေးကိုတင်၊ နွေသင်နိုင်၊ ကိုထွားကြီး၊ ဂျူနီယာဝင်း၊ သော်ဒီဝေ၊ ကိုစိုင်း(Guitar Library)၊ သွင်မောင်မောင်၊ လူငြိမ်းခိုင်၊ ယူမိုး၊ မောင်ကောင်း၊ အောင်ပြည့်စုံ၊ မျိုးမြင့်အုန်း၊ လွင်မောင်မောင်၊ ဥက္ကာကိုကို၊ အောင်မိုး၊ ကေအိုကေ(မာလာဆောင်) ဟူသည့် စာပေ၊ ဂီတ၊ ပညာရေး နယ်ပယ်များမှ ကလောင်ကောက်ကြောင်း လှပစွာ ရေးခြစ်နိုင်စွမ်းရှိသူ ၀ါရင့် စာရေးဆရာကြီးများမှသည် လူငယ်များအထိ ကလောင်အင်အား ၂၃ ဦး၊ အက်ဆေး ၂၃ ပုဒ် ပါဝင်ပြီး ရိုးရှင်းထင်ရှားစွာ “အက်ဆေးလှည်းတန်း” ဟု အမည်ပေးထားပါသည်။
ရေးသူစုံသလို အရေးအသားဟန်များလည်း စုံကြသည်။ သုတဦးစားပေး၍ ရသ အနည်းငယ် ရောမွှေရေးကြသလို ရသဘက် လုံးဝ ယိမ်းသော ဖြစ်စဉ်ပြ အရေးအသားမျိုးလည်း တွေ့ရ၏။ သမိုင်းကြောင်းကို ပြန်ပြောပြနေသော အက်ဆေးတွေ ပါသလို မော်ဒန်စကားလုံးများဖြင့် ဖွဲ့သီထားသော စာစုအချို့လည်း ပါဝင်နေသည်။ ၀တ္ထုတို ခပ်သွက်သွက် စတိုင်တွေ့ရသလို လှည်းတန်းနှင့် ပတ်သက်ယှက်နွယ်ဖူးသော ငယ်ဘ၀၊ အတိတ်ဘ၀၏ လွမ်းမော်ဖွယ် အိပ်မက်များကိုလည်း ဤစာအုပ်ထဲတွင် ဖွင့်ချပြထားလေသည်။
ဤစာအုပ်သည် လက်မှမချချင်လောက်အောင် ကောင်းပါသည်ဟု ခပ်ပြိန်းပြိန်း စာအုပ်အညွှန်း စကားမျိုး ကျွန်တော် မပြောလိုပါ။ စာဖတ်သူများနှင့် ကျွန်တော်အကြိက်ချင်း တူမည်ဟု မျှော်လင့်သော အက်ဆေးအချို့၏ အပိုင်းအစများကို အမြည်းသဘော ဖော်ပြပေးလိုပါသည်။


ဆရာဖိုးကျော့၏ “လှည်းတန်းက ကျားများ” တွင်…………..
ထိုစဉ်က ဓားပြရန်သာမဟုတ် သားရဲတိရိစ္ဆာန်တို့၏ အန္တရာယ်လည်း ရှိသည်။ ခရစ်နှစ် ၁၉၀၃ ခုနှစ်၊ မတ်လ ၂ ရက်၊ မြန်မာသက္ကရာဇ် ၁၂၆၄ ခု၊ တပေါင်းလဆန်း ၅ ရက်၊ တနင်္လာနေ့က ရွှေတိဂုံပေါ်တက်သော ကျားကို လှည်းတန်းမှ ခြံလုပ်သားများက စတင်တွေ့ရှိကာ အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြသည်။ ထိုကျားသည် ရွှေတိဂုံစေတီတော်ပေါ်သို့ မရောက်မီ ပုဇွန်တောင် အမဲသတ်ရုံ အနီးရှိ တရုတ်လူမျိုးများ၏ ဟင်းရွက်ခင်းထဲသို့ ရောက်ခဲ့ကြောင်း ခြေရာ တွေ့ရသည်။ထို့နောက် ကုက္ကိုင်းရေကူးကန်ဘက်ရှိ ခြံတစ်ခြံတွင် နွားမတစ်ကောင်ကိုလည်း သတ်စားသွားသေးသည်။ ဘောင်ဒရီ (ယခု ဓမ္မစေတီ)လမ်းရှိ အိမ်တစ်အိမ်၏ မီးဖိုချောင် အတွင်းသို့လည်း ၀င်လာခဲ့သေးသည်ဟု သိရသည်။ ကျားသည် ပဲခူးရိုးမဘက်မှ လမ်းမှား၍ မြို့တွင်းသို့ ၀င်ရောက်လာဟန် တူသည်ဟု အင်္ဂလိပ် အမဲပစ်မုဆိုးများက ဆိုကြပေသည်။ ထိုအချိန်က ပဲခူးရိုးမ တောင်စွယ်ရှိ လှော်ကားကန်မှာ တည်ဆောက်နေဆဲ အချိန် ဖြစ်သည်။
ဟု လှည်းတန်း၏ ယခင်က စိုက်ပျိုးရေးခြံများကို အားထားသော စီးပွားရေး အနေအထား၊ အင်္ဂလိပ်ခေတ်က ရွှေတိဂုံဘုရားကို ကျားတက်စဉ် အင်္ဂလိပ်စစ်တပ်က နှိမ်နင်းပုံ၊ မှော်ဘီနတ်ကြီးက မိန်းမပျိုတစ်ဦးကို ၀င်ပူးပုံ စသဖြင့် ထူးဆန်းသော သမိုင်းနောက်ခံ အချက်များ သိရ၏။

ကျွန်တော်တို့ ဗိုလ်ချုပ်နှင့် ပတ်သက်သော အတိတ်သမိုင်းထဲက လွမ်းမောဖွယ်ရာ အဖြစ်ကလေးများကို ဆရာမောင်သာချို၏ “ရတနာကန်ကြီးရဲ့ အခန်းလေးများ” ၌ ခံစားဖတ်ရှုနိုင်ကြပါသည်။

အဓိပတိ လမ်းမကြီး ဘက်သို့ မျက်နှာမူထားသော ပဲခူးဆောင် အပေါ်ဆုံး သုံးထပ်က အခန်းနံပါတ် (၁၁၃) သည် ကျွန်တော် မကြာခဏ သွားသွား ချောင်းကြည့်မိသည့် အခန်း ဖြစ်ပါသည်။ သော့ခလောက်လေးက ထာဝရ ချိတ်လို့။ ကိုအောင်ဆန်း ဆိုသည့် တက္ကသိုလ် ကျောင်းသား တစ်ယောက် တစ်ကိုယ်စာ နေထိုင်သွားခဲ့သည့် အခန်းကလေး။ သစ်သား တရုတ်ကပ်လေးကို အသာဆွဲဟကာ အထဲကို ချောင်းကြည့်လိုက်တော့ လူမနေသည့် အိမ်အိုကြီး တစ်လုံးလို မှုန်မှိုင်းတိတ်ဆိတ်လို့။ လူတစ်ယောက် လဲလျောင်းရာ သစ်သားကုတင်လေး တစ်လုံးက နံရံဘက်ဆီ အတင်းတိုးကပ်ကာ ဖုန်တွေ အလူးလူးနဲ့။ စာရေးစားပွဲကလေးရယ်၊ ကုလားထိုင်လေး တစ်လုံးရယ်၊ သစ်သားကုတင်လေး အောက်က ခပ်မှောင်မှောင် အရိပ်အောက်မှာ သံသေတ္တာကလေးတစ်လုံး ထင်ပါရဲ့။ နံရံတစ်နေရာမှာ ယောက်ျားဆောင်း ဖဲထီးတစ်လက်ကို ချိတ်လို့။ ဘယ်သူ့ကိုမှ နေထိုင်ခွင့် မပေးတော့ဘဲ ထာဝရ သော့ချိတ်ပိတ်ခတ်ကာ အမှတ်တရ အမြတ်တနိုး ထိန်းသိမ်းထားခဲ့တဲ့ အခန်းကလေးပဲ မဟုတ်လား။
ဆရာ ဒေါက်တာခင်မောင်ဝင်း၏ သိသလောက် ရေးပြထားပါသည် ဆိုသော “ကမာရွတ်လှည်းတန်း၏ သမိုင်းမှတ်တိုင်များ” ကလည်း အတိတ်၏ အချက်အလက်များ မှတ်သားသိရှိဖွယ် စုံလင်ပါသည်။လှည်းတန်းထိပ်၏ အနောက်မြောက်ဘက်တွင် လှည်းတန်းဈေးသည် ယခုရှိသော နေရာတွင် ရှိပါသည်။ လှည်းတန်းထိပ်တွင် ထင်ရှားသော နေရာသုံးခုမှာ အသောကစတိုး၊ ယူနီယံဓာတ်ပုံဆိုင်နှင့် ၀င်းဆံပင်ညှပ်ဆိုင်တို့ ဖြစ်ကြပါသည်။ အသောကစတိုးသည် အရှေ့ဘက်သို့ မျက်နှာမူနေပြီး ယူနီယံဓာတ်ပုံဆိုင်နှင့် ၀င်းဆံပင်ညှပ်ဆိုင်တို့မှာ မြောက်ဘက် (အင်းစိန်ဘက်) သို့ မျက်နှာမူနေပါသည်။ …………………………….. ထိုအချိန်က ရန်ကုန်တက္ကသိုလ် ကျောင်းသားများ၏ ထူးထူးခြားခြား ဆောင်ရွက်ချက် တစ်ခုကို ဤနေရာတွင် မှတ်တမ်းတင်သင့်ပါသည်။ ကျောင်းသားများသည် လှည်းတန်းထိပ်သို့ မီးကူးတော့မည်ကို သိသောအခါ ထိုနေရာရှိ ဆိုင်များ၊ အိမ်များထဲမှ ပစ္စည်းများ အားလုံးကို သယ်ယူ၍ လှည်းတန်းအ၀ိုင်းပေါ်တွင် တင်ထား ပေးသည်။ သူတို့ကို ဘယ်သူက ခေါင်းဆောင်၍ မည်ကဲ့သို့ ကြီးကြပ်ပြီး လုပ်လိုက်သည် မသိပါ။ အိမ်များအားလုံး ပြာကျပြီးသွားသော အခါတွင် အ၀ိုင်းပေါ်၌ ပစ္စည်းများသည် သူ့နေရာနှင့်သူ အပုံလိုက် ချထားပြီး ဖြစ်သည်။ အိမ်နံပါတ်များကိုပင် ခွာယူ၍ ပစ္စည်းများ ရှေ့တွင် ထောင်ထားပေးသည်။ ၀င်းဆံပင်ညှပ်ဆိုင်၊ အသောကစတိုး၊ ရွှေဗဟိုရ်၊ ယူနီယံ ဓာတ်ပုံဆိုင်မှ ပစ္စည်းများမှာလည်း သူ့နေရာနှင့်သူ အပုံလိုက် ချထားသည်ကို တွေ့ရသည်။ အခြား လုပ်ငန်းများကိုတော့ မမှတ်မိတော့ပါ။ မီးလောင်ပြီး နှစ်ရက်လောက် အကြာတွင် ထိုပစ္စည်းပုံများ ကြားတွင် ၀င်းဆံပင်ညှပ်ဆိုင်သည် သူ၏ လုပ်ငန်းများ ပြန်လည်၍ လုပ်ဆောင်နိုင်သည်ကို တွေ့ရသည်။
လှည်းတန်းက လက်ဖက်ရည်ဆိုင်လေး တစ်ခု၌ သူတွေ့ဖူးခဲ့သည့် ကျော်မြင့်လွင် ဆိုသော ဂီတအပေါ် ကူးလူးခိုဝင်လွန်းလှသော အနုပညာဝိညာဉ်တစ်ခု ရှိသူ လူငယ်တစ်ယောက်မှ ထူးအိမ်သင် ဖြစ်လာခဲ့ပုံ ဘ၀တစ်စိတ်တစ်ပိုင်းကို ကိုစိုင်း(Guitar Library) က “အတိတ်နှင့် အရိပ်တွေ ကြားက လှည်းတန်းနှင့်ကျွန်တော်” တွင် အခုလို လှစ်ဟပြောပြခဲ့ပါသည်။
မှုန်ပြပြ အလင်းရောင်အောက်မှာ ဒဏ္ဍာရီဆန်ဆန် ရှိခဲ့တဲ့ “ခရမ်းပြာ” လက်ဖက်ရည်ဆိုင်မှာ ဗန်ကျူးလို့ခေါ်တဲ့ နိုပဆီသံဗူးမှာ ကပ်ကျန်နေတဲ့ နို့ဆီတွေနဲ့ ဖျော်ထားတဲ့ ခပ်ပြင်းပြင်း လက်ဖက်ရည်ကို သူငယ်ချင်းတွေနဲ့ အတူသောက်ရင်း စကားဝိုင်းဖွဲ့ခဲ့တဲ့ အရသာကို မမေ့နိုင်ပါဘူး။ အဲဒီဆိုင်မှာပဲ ကျော်မြင့်လွင်ဟာ သူ့အခွေကြမ်းလေးကို လာဖွင့်ပြခဲ့ပါတယ်။ Aces တီးဝိုင်းနဲ့ လုပ်ထားတဲ့ သူ့ရဲ့ အခွေကြမ်းလေးဟာ သိပ်ပြီး စွဲမက်စရာ မကောင်းဘူးလို့ ထင်ခဲ့ရပေမယ့် တစ်နေ့မှာ “ထူးအိမ်သင်” ရယ်ဆိုပြီး မြန်မာပြည် ဂီတလောက်အတွင်း အောင်မြင်တဲ့ ကြယ်တစ်ပွင့် ဖြစ်လာအောင် အဲဒီ “နာရီပေါ်က မျက်ရည်စက်များ” ဆိုတဲ့ အခွေကပဲ စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။


မြန်မာပြည် ရော့ခ်ဂီတ၏ မွေးကင်းစအချိန်က ဒိုင်ယာရီစာမျက်နှာများကို လှန်ကြည့်မည် ဆိုပါက လှည်းတန်းလမ်းဆုံကလည်း တစ်ခန်းတစ်ကဏ္ဍ၌ ပါဝင်ခဲ့ဖူးသည်ကို တေးရေးဆရာ သော်ဒီဝေ၏ “လှည်းတန်းရဲ့ ရော့ခ်ဒိုင်ယာရီ” တွင် ဖတ်ရှုနိုင်ကြပါသည်။
မနှစ်က လွှင့်ဖြစ်ခဲ့တဲ့ မြ၀တီက ကျွန်တော့်ရဲ့ “ရှင်သန်နေသော သီချင်းများ” အစီအစဉ်မှာ ပြောခဲ့သလို တီးဝိုင်းနာမည်ကို စကြ၀ဠာမီးပြတိုက်များလို့ ပေးထားပြီး Lead ဂစ်တာကို အဲဒီတုန်းက ကိုအောင်နိုင် နောက်(ပီလွန်)က တီးပေးပါတယ်။ Bass ဂစ်တာကိုတော့ လက်ရှိ မြန်မာပြည်ရဲ့ Rock Monster ဖြစ်တဲ့ လေးဖြူက တီးပါတယ်။ သူတို့အားလုံး ကမာရွတ် လှည်းတန်း ထန်းတပင်လမ်းက အဆောင်မှာ နေသွားသူတွေပေါ့။
ထို့အတူ လှည်းတန်း၌ ကြီးပြင်းလာသူ များက ပြောပြသော လှည်းတန်း လူငယ်များ၏ ငယ်ဘ၀ ရင်ခုန်သံများ၊ ထိုစဉ်က ရှိခဲ့သော လှည်းတန်းအ၀ိုင်းကြီးပေါ်တွင် စွန်လွှတ်ကြပုံ၊ ဓနိမိုး၊ ရေနံချေးသုတ်၊ မီးကင်းစောင့် စသော အလုပ်မျိုးစုံကို လူငယ်များ တစ်နှစ်ပတ်လည်လုံး လုပ်ကြပြီး ပိုက်ဆံစုကာ သင်္ကြန်ကာလ၌ စတုဒီသာ လှူဒါန်းကြပုံ၊ အတိတ်တုန်းက လှည်းတန်းလမ်းဆုံလေး၏ လူနေမှု ပုံစံများနှင့် ရုန်းကုန်လှုပ်ရှား ဖြစ်တည်မှုများ၊ ငယ်ဘ၀ ရယ်စရာ မောစရာ ဖြစ်ရပ်လေးများကို ဆရာ သွင်မောင်မောင်၏ “ရပ်ကွက်လေးရဲ့ ဘ၀စာမျက်နှာ”၊ ဆရာမျိုးမြင့်အုန်း၏ “ရေဒီယိုလှည်းတန်း” ဟူသော အက်ဆေးများတွင် ခံစားသိရှိနိုင်သည်။ တစ်နည်းဆိုသော် လှည်းတန်းဆိုသော အရပ်ဒေသတစ်ခု၏ ရင်ခုန်သံကို ထပ်တူလိုက်၍ ခံစားရခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့သော ဖြစ်ရပ်များထဲမှ ဟာသမြောက်သော ငယ်ဘ၀ အတွေ့အကြုံ တစ်ခုကို ဆရာလွင်မောင်မောင်“အလွမ်းမှန်ကူကွက်များ” တွင် အောက်ပါအတိုင်း တွေ့ရသည်။
ထိုနေ့ညဦးပိုင်းက ရက်ကွက်ကောင်စီရုံးတွင် အဆောင်ပိုင်ရှင်၏ တိုင်တန်းမှုကြောင့် အဆောင်ရှေ့တွင် အော်ဟစ်ဂီတာတီးခဲ့သူများအား သက်ဆိုင်သူများမှ ဆုံးမစကား ပြောရန်ခေါ်လာသည်။ တစ်ရပ်ကွက်လုံး အုံးအုံးကျွတ်ကျွတ်နှင့် ရက်ကွက်ကောင်စီရုံးသို့ လာကြည့်ကြရာ သက်ဆိုင်သူများပင် ရုံးထဲသို့ရောက်ရန် မနည်းတိုးယူရ၏။ ထိုအကွက်ကိုမြင်သော ရွှေကျီးသည် ကျွန်တော့ညီဝမ်းကွဲအား အညာသားဆိုင်မှ လက်ဖက်ရည်ခွက်ပေါင်း (၂၀)နှင့် မုန့်များအား ရုံးမှ မှာခိုင်းသည်ဆိုပြီး သွားမှာပေးရန် ခပ်တည်တည်နှင့် ဖိန့်လိုက်သည်။ ကျွန်တော့်ညီဝမ်းကွဲကလည်း အညာသားဆိုင်မှ လက်ဖက်ရည်ခွက် (၂၀)နှင့် မုန့်များ မှာပေးလိုက်၏။ အညာသားကလည်း ရောင်းချင်လွန်းသဖြင့် မမေးမစမ်းတော့ဘဲ ဗန်းကြီး ဗန်းငယ်များဖြင့် လူကြားထဲတိုး၍ ရုံးထဲသို့ လက်ဖက်ရည်ခွက်များနှင့် မုန့်များ သွားချပေး၏။ ရက်ကွက်လူကြီးများကလည်း မမေးမြန်းမိဘဲ ထိုလက်ဖက်ရည်များကို သုံးဆောင်ရင်း အမှုကိစ္စကိုရှင်း၏။ ဆုံးမသြ၀ါဒများ ရှည်လျားစွာ ပြောဆိုပြီးနောက် ထိုဂစ်တာသူရဲကောင်းလေး များအား ပြန်လွှတ်လိုက်သည်။ ဤတွင် ပြဿနာ တစ်ရပ် ထပ်ပေါ်လာသည်။ ထိုလက်ဖက်ရည်နှင့် မုန့်များ မည်သူမှာခိုင်းသနည်း ဆိုသည့်ကိစ္စပင်။ ဟိုလူမေး ၊ ဒီလူမေးနှင့် ပွက်လောရိုက်ရင်း ဆိုင်ရှင်အညာသားကို ခေါ်မေးသည်။ အညာသားလည်း ခေါင်းများ ကုတ်လျက် လာမှာသည့်သူကို မပြောနိုင်။ ထို့နောက် မနေနိုင်သော လူကြီးတစ်ယောက်က ခေါင်းတခါခါယမ်းရင်း လက်ဖက်ရည်ဖိုးငွေကို ထုတ်ပေးရလေတော့သည်။ ဤကဲ့သို့ ရွှေကျီးက မွှေတတ်ရာ ကျွန်တော်တို့ ဆုံနေကျ လက်ဖက်ရည်ဆိုင်ထဲ သူမို့ဝင်လာလျှင် အားလုံး မျက်ခုံးလှုပ်နေရ၏။


ဥက္ကာကိုကို၏ “သုညနှင့် သူ၏ မိုးရာသီ”၊ မောင်ကောင်း၏ “ခပ်ကျဲကျဲပဲ”၊ အောင်မိုး၏ “ကမာရွတ်မှာ တစ်ညတာ”၊ ကေအိုကေ(မာလာဆောင်)၏ “တည်မြဲနေတဲ့ ပြောင်းလဲခြင်း” တို့၌ ၀တ္ထုဆန်သော ဘ၀အတွေ့အကြုံ၊ ခံစားချက် အရေးအသားများ တွေ့ရသည်။ ယူမိုး၏ “ဖြာထွက်ခြင်း” ကတော့ တိုတုတ်သော အတွေးအမြင် အက်ဆေး တစ်ပုဒ် ဖြစ်ပြီး အောင်ပြည့်စုံရေးသော “လှည်းတန်းရုပ်ရှင်” မှာတော့ မော်ဒန်အရေးအသားဆန်ဆန် အက်ဆေးတစ်ပုဒ် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ရန်ကုန်မြို့ကြီးသို့ ရောက်ခါစ လူငယ်တစ်ယောက် အင်းလျားကန်ကို တွေ့ချင်သဖြင့် လှည်းတန်းနားတွင် လိုက်ရှာရင်း လမ်း၌ ဆုံသော ကောင်မလေး တစ်ယောက်ကို မေးမှ တည့်တည့်မတ်မတ် ရောက်ခဲ့ပုံ၊ တိုက်ဆိုင်စွာ ထိုကောင်မလေးနှင့် အလုပ်တွင် ပြန်ဆုံပြီး ချစ်သူ ဖြစ်ခဲ့ပုံဇာတ်လမ်းသွား အက်ဆေးလေးအဖြစ်လည်းကောင်း၊ ဘ၀နှင့်ရင်းသော ခံစားမှု မော်ဒန်စာတမ်းငယ် တစ်ခုအဖြစ်လည်းကောင်း “သုညနှင့် သူ၏ မိုးရာသီ” က ဖတ်၍ ကောင်းပေသည်။
လမ်းတစ်ဝက်မှာ ရန်ကုန်တက္ကသိုလ် မိန်းပေါက်ဝကို တွေ့မြင်ရသည်။ ဆက်လျှောက်သော်လည်း အင်းလျားကို မတွေ့သောကြောင့် ကျွန်တော့်နောက်မှ ဘောက်ဆတ်ဆတ် လမ်းလျှောက်လာသော ကောင်မလေးတစ်ဦးကို စောင့်ကာမေးမြန်းရသည်။ ရှေ့တည့်တည့် ဆက်လျှောက်ကာ မီးပွိုင့်ရောက်ပါက ဘယ်ဘက်ချိုး၍ လမ်းဆုံးသည် အထိသွားရန် ကောင်မလေးက လမ်းညွှန်၏။ ကျွန်တော် ခရီးဆက်သည်။ တွေ့ပါသည်။ အင်လျားကန်။ တီဗီထဲမှာ မြင်နေကျဖြစ်၍ အလွယ်တကူ မှတ်မိသည်။ ကျွန်တော့ဘ၀မှာ တလွဲတချော် ပျောက်ဆုံးနေခဲ့သော အင်းလျားကန်ကြီးကို
လက်ညှိုးထိုး လမ်းညွှန်ပေးခဲ့သော ထိုကောင်မလေးကိုလည်း ကျေးဇူး ဥပကာရ တင်ရှိပါသည်…………………………….
မေလမှာမွေးသော ကောင်မလေးက ဇွန်လ(၁)ရက်နေ့မှာ ကျွန်တော့ကို အဖြေပေးသည်။ သူ့အဖြေ မှန်ကန် သောကြောင့် ကျွန်တော်ကလည်း အမှတ်ပြန်ပေးရလေသည်။ သူနှင့် ရည်းစားဖြစ်ပြီး မကြာမီမှာ လွန်ခဲ့သော (၂)နှစ်ခန့်က အင်းလျားကန်သို့ မသွားတတ်သော ကောင်လေးတစ်ယောက် ဖြစ်ကြောင်း ပြောပြလိုက်တော့ “ဟာ” ခနဲ အံ့အားသင့်ကာ ကျွန်တော့ကို အပြုံးတစ်ဝက်ဖြင့် ကြည့်သည်။ “နဖူးစာ ရွာလည်သည်” ဟူသော စကားပုံကို ကျွန်တော် နားမလည်သောကြောင့် သူမကို အကျယ်တ၀င့် မရှင်းပြဖြစ်ပါ။
တစ်ချိန်က လှည်းတန်းလမ်းဆုံကို ဗဟိုလမ်းမဘက် ကောင်းကင်မှ မြင်ရပုံ ပန်းချီကားဖြင့် မျက်နှာဖုံးတွင် ဘဌေးကြည်က သရုပ်ဖော်ပေးထားပါသည်။ ပုံ၏ ညာဖက်ထောင့်တွင် ရန်ကုန်တက္ကသိုလ်၊ အင်းယားကန်တို့ကို ပါရှိနေသလို လှည်းတန်း အ၀ိုင်းကြီးပေါ်တွင် လူများ စွန်လွှတ်နေကြပါသည်။ သစ်ပင်တွေ ပေါများသော ရပ်ကွက်ကို အိမ်လေးတွေ ညီညီညာညာနှင့် တွေ့ရသလို သေချာကြည့်လျှင် ဘုန်းကြီးကျောင်းလေးရှေ့တွင် သံဃာတစ်ပါး၊ ၀တ်ပြုနေသူတစ်ဦးနှင့် တံမြက်လှည်းနေသူ ကပ္ပိယတစ်ဦးကိုပါ တွေ့နိုင်သော အသေးစိတ် ပုံလေး ဖြစ်ပါသည်။ ပုံထဲက လှည်းတန်းဘူတာ၊ ကန်ထရိုက်တိုက်မြင့်များ မရှိသေးသော ရပ်ကွက်နှင့် ပန်းချီကားထဲက အနေအထား အားလုံးသည် လှည်းတန်း၏ ငယ်ဘ၀က ရိုက်ခဲ့ဖူးသော ဓာတ်ပုံတစ်ချပ်နှယ်…………။
ထို “အက်ဆေးလှည်းတန်း” ဆိုသော စာအုပ်လေးကို ၂၀၁၁ ခုနှစ် မေလတွင် ဖြန့်ချိလိုက်ပြီ ဖြစ်ပြီး ၁၈၀၀ ကျပ်ဖြင့် စာအုပ်ဆိုင်များတွင် ၀ယ်ယူနိုင်ပါသည်။